ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်ရေသောက်စနစ်ဖြင့် စပါးစိုက်ပျိုးနိုင်သည့် ပဲခူး၊ဖြူး၊ အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်တို့ရှိ တောင်သူများအနေဖြင့် ယခုအခါ စပါးများရိတ်သိမ်းကာ ဈေးကွက်သို့တင်ပို့လျက်ရှိရာတွင် စပါးဈေးနှုန်းများကျဆင်းနေသောကြောင့် တောင်သူများအခက်အခဲကြုံနေရကြောင်း သိရပါသည်။
ထိုမြို့နယ်များတွင် စပါးစပေါ်ချိန်တွင် နေပြည်တော်ကောင်စည်နယ်မြေအေလာမြို့တစ်ဝိုက်တမှ စပါးဝယ်ယူသူများမှာ စပါးတစ်တင်း ၁၀၀ လျှင် ငွေကျပ် ၅၇၀၀၀၀ အထိ ပေးဝယ်ကြသော်လည်း မေလဒုတိယအပတ်မှ စတင်ကာ စပါးဖြိုင်ဖြိုင်ပေါ်၍ ရောင်းလိုအားနှင့် ဝယ်လိုအားမမျှဖြစ်၍ ဝယ်လိုအားအေးကာ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၅၁၀၀၀၀ အထိကျခဲ့ကြောင်း သိရပါသည်။
တောင်သူများအနေဖြင့် စက်ရိတ်သိမ်းခနှင့် လုပ်အားခအကြွေးပေးရန်အတွက် ရသည့်ဈေးဖြင့် အကြွေးရောင်းချပေးနေရသော်လည်း ၁၅ ရက် တစ်လခန့်ကြာသည်အထိ စပါးဖိုးငွေမရသည့်အပြင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် လမ်းကြောင်းဖြစ်သော မူဆယ်မြို့တွင် လတ်တလောအခြေအနေကြောင့် ဆန်တင်ပို့မှုများ ရပ်ဆိုင်းသွားခဲ့သဖြင့် စပါးဈေးများ ဆက်တိုက်ကျဆင်းကာ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၄၉၀၀၀၀ အထိ ကျဆင်းလာကြောင်း သိရပါသည်။
တောင်သူများအနေဖြင့် မိမိတို့၏လယ်မှထွက်ရှိသောစပါးများကို အခြောက်လှန်းရသည့်အတွက် ကုန်ကျစရိတ်၊ သယ်ယူစရိတ်နှင့် လုပ်အားခများတိုးမြှင့်လာသည့်အတွက် ကုန်ကျမှုများပိုမိုများပြားလာကြောင်း၊ ရောင်းချရသည့် စပါးဈေးကွက် တည်ငြိမ်ခြင်းမရှိသည့်အတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရကြောင်း သိရပါသည်။
Myawaddy