နွေစပါး ကျပ်လေးသိန်းနဲ့သာ ဝယ်ယူနေ၍ တောင်သူများ အရှုံးပေါ်


21 May, 2019

တိုက်ကြီးမြို့နယ်အတွင်း ကျေးရွာများမှာ နွေစပါးရောင်းချရာ၌ ဆန်စပါးအသင်းချုပ်က စပါးဝယ်ဈေး ၅ သိန်း သတ်မှတ်ထားပေမယ့်လည်း အမှန်တကယ် ကျေးရွာများသို့ ဆင်းဝယ်ရာ၌ ကျပ်လေးသိန်းဈေးဖြင့်သာ ပေးဝယ်နေတာကြောင့် တောင်သူများ အရှုံးပေါ်ကာ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ပေးဆပ်ရန် အခက်အခဲဖြင့် ရင်ဆိုင်နေကြရပါတယ်။

စပါးတစ်ဧကလျှင် ထွန်စက်မောင်းခြင်း၊ ကောက်စိုက်ခြင်း၊ ပျိုးနုတ်ခြင်း၊ မြက်နုတ်ခြင်းနှင့် ဓာတ်မြေသြဇာများကို ဝယ်ယူရခြင်း စတဲ့ သွင်းအားစု ကုန်ကျငွေမှာ ကျပ်သုံးသိန်းကျော်ရှိကြောင်း၊ စပါးစိုက်တစ်ဧကလျှင် တင်း ၈၀ သာထွက်ရှိပြီး ပြန်ရငွေနှင့် ကုန်ကျငွေ မမျှတခြင်းတို့ကြောင့် တောင်သူတွေအနေနဲ့ စိုက်ဘဏ်ချေးငွေများ ပြန်မဆပ်နိုင်တဲ့ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူများရဲ့ အဆိုအရ သိရပါတယ်။

တောင်သူတစ်ဦးက “ကျွန်မတို့ ဒီစပါးဈေးနဲ့ဆို အဆင်မပြေဘူး။ ရှုံးတယ်။ ကလေးတွေတောင် ကျောင်းထားနိုင်ပါ့မလားမသိဘူး။ ရွာထဲမှာ ဒီနှစ် မိုးစပါးစိုက်တောင်သူတွေ မရှိသလောက် နည်းသွားပြီ။ တချို့တောင်သူတွေဆို လယ်တွေရောင်းကြရတဲ့အထိ ဖြစ်လာတယ်” လို့ပြောပါတယ်။ 

 ရာသီဥတုအခြေအနေနဲ့ ဘုရင့်နောင်ဆန်ဈေးကွက် အတက်အကျပေါ် မူတည်ကာ စပါးဝယ်ယူရခြင်းဖြစ်ပြီး နွေစပါးများကို ရိတ်သိမ်းခြွေလေ့စက်ဖြင့် ရိတ်သိမ်းရတာကြောင့် စပါးစိုလို့ နေလှန်းရတဲ့ ဝန်ဆောင်ခများ၊ နေလှန်းပြီး ကြာရှည် ထားပါက ဆန်များအဝါဖောက်ခြင်းနဲ့ ရန်ကုန်ဈေးကွက်သို့ ဆန်ရောင်းချရာတွင် အကြွေးထားရခြင်းတို့ကြောင့် တောင်သူများထံမှ စပါးဝယ်ယူရာတွင်လည်း အကြွေးဝယ်ယူမှုများရှိနေကြောင်း၊ ငွေမပေါ်ပါက စပါးဝယ်ယူမှုကို တစ်ခါတစ်ရံ ရပ်ဆိုင်းထားရခြင်းများရှိကြောင်း စပါးကုန်သည် ဦးညွန့်ဝေက ပြောကြားပါတယ်။

ဥက္ကံမြို့ရှိ ငှက်ပျောတောကျေးရွာမှ တောင်သူတစ်ဦးက “ကျွန်တော်တို့ ဒီနှစ်နွေစပါးကတော့ တောင်သူတွေ ဘဝပျက်မယ့်စပါးဈေးပဲ။ စပါးက တင်းတစ်ရာ လေးသိန်း ဈေးပေါက်တယ်။ ရောင်းချင်ပေမယ့် စပါးကုန်သည်တွေက မဝယ်နိုင်ဘူး။ ကျွန်တော်တို့ တောင်သူတွေက စပါးပေါ်ပြီ။ အကြွေးသမားတွေက မနေတော့ဘူး မြေဆီအကြွေး၊ စိုက်/ဘဏ်ချေးငွေတွေကလည်း ပြန်ပေးဖို့ပြောနေပြီး စပါးဈေးကကျ အကြွေးကများနဲ့ ကျွန်တော်တို့ တောင်သူတွေ ဒုက္ခရောက်နေကြပြီ" လို့ဆိုပါတယ်။

အခုလို စပါးဈေးနိမ့်နေပြီး သွင်းအားစု ကုန်ကျစရိတ်များ မြင့်တက်နေသဖြင့် တောင်သူများ အခက်အခဲဖြစ်ပေါ်နေသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆန်စပါးအသင်းချုပ်ကို တင်ပြဆွေးနွေးခွင့်ပြုရန် မေလ ၁၉ ရက်နေ့က စာတင်တောင်းဆိုထားပြီး ပြေလည်မှုမရှိပါက တောင်သူများအချင်းချင်း ချိတ်ဆက်ဆန္ဒပြ တောင်းဆိုသွားမယ်လို့ ဒေသခံတောင်သူများက ပြောကြားပါတယ်။

 The Voice 

Local News Read 702 times