မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် ကျေးလက်နေတောင်သူများအား ၂၀၁၈ ခုနှစ်အတွက် ထုတ်ချေးသည့် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို စတင်ကာတောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါသည်။
ထိုသို့ထုတ်ချေးရာတွင် ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာအုပ်စုမှ တောင်သူခုနှစ်ဦးအား စပါးစိုက်ပျိုးမှု ဧက ၂၀ နှင့် အခြားသီးနှံစိုက်ပျိုးမှု ၉ ဧကအတွက် ထုတ်ချေးငွေစုစုပေါင်း ၃၄၅၀၀၀၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။
ထို့အပြင် ၂၀၁၈ ခုနှစ်အတွက် တောင်သူများအား စပါးစိုက်ပျိုးစရိတ်ထုတ်ချေးခြင်းလုပ်ငန်းများကို ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မေ ၁၇ ရက်မှစတင်ကာ ဇွန်လကုန်တွင် မြို့နယ်အတွင်းရှိတောင်သူများအား အပြီးထုတ်ချေးသွားပေးမည်ဖြစ်ကြောင်း သိရပါသည်။
ယခုနှစ်တွင် ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၀ အုပ်စုမှ တောင်သူဦးရေ ၁၁၉၉၈ ဦးအား စပါးသီးနှံစိုက်ပျိုးမှုအတွက် တစ်ဧကလျှင်ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံစိုက်ပျိုးမှုအတွက် တစ်ဧကလျှင်ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းချေးငွေကျပ် ၇၇၅၂ သန်း ထုတ်ချေးပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရပါသည်။
ယခုနှစ် ချေးငွေထုတ်ပေးရာတွင် ယခင်နှစ်က တောင်သူအစုအဖွဲ့သုံးဦးဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး တောင်သူတစ်ဦးနှင့် တစ်ဦး အပြန်အလှန်အာမခံစနစ်ဖြင့် ချေးငွေများကိုထုတ်ချေးပေးခြင်းဖြစ်ပြီး ယခုနှစ်တွင် စိုက်ပျိုးစရိတ်ထုတ်ချေးလိုသောတောင်သူတစ်ဦးချင်းအလိုက် လယ်ယာမြေများပိုင်ဆိုင်မှုအထောက်အထား ပုံစံ (၇)မူရင်း တင်ပြနိုင်သူအား မိမိချေးငွေ မိမိတာဝန်ယူသော အာမခံစနစ်ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
Myawaddy