တရုတ်ကို ကုန်ဖလှယ်မှုစနစ်နဲ့ လယ်ယာသားငါးထွက်ကုန်တွေ တင်ပို့နိုင်တော့မည်


24 April, 2019

မြန်မာ့လယ်ယာ သားငါးထွက်ကုန်တွေကို နယ်စပ်လမ်းကြောင်းကနေ တရုတ်နိုင်ငံ ယူနယ်ပြည်နယ်ဆီ ကုန်ဖလှယ်မှုစနစ် (Barter System) နဲ့ တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။

တရုတ်ကို ကုန်ဖလှယ်မှုစနစ်နဲ့ လယ်ယာသားငါးထွက်ကုန်တွေ တင်ပို့နိုင်တော့မည် ဧပြီလ  ၂၁  ရက်နေ့က ယူနန်ပြည်နယ်  ကူမင်းပြည်သူ့အစိုးရနဲ့ ကုန်သွယ်ရေးဦးစီးဌာနတို့  ကုန်ဖလှယ်မှုစနစ် (Barter System) နဲ့ ကုန်သွယ်မှုပြုလုပ်ဖို့ MoU လက်မှတ်ရေးထိုးပြီးစီးပြီ ဖြစ်ပါတယ်။

MoU အတိုင်း အကောင်အထည်ဖော်နိုင်ပါက ဆန်စပါးအပါအဝင်  မြန်မာ့လယ်ယာ သားငါးထွက်ကုန်တွေကို မူဆယ်နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းကနေ တွင်ကျယ်စွာတင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

ကုန်ဖလှယ်မှုစနစ် ဖြစ်တာကြောင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ တင်ပို့လိုက်တဲ့  ကုန်စည်တန်ဖိုးနဲ့ ညီမျှတဲ့ ယူနန်ပြည်နယ်ထုတ် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးစက်ပစ္စည်းများ၊  ဓာတ်မြေဩဇာစတဲ့ ပစ္စည်းတွေကို ပြန်လည်ဝယ်ယူ တင်သွင်းပေးရမှာ ဖြစ်ပါတယ်။

ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံဘက်မှ  ကုမ္ဗဏီတစ်ခုကို တာဝန်ပေးပြီး မြန်မာနိုင်ငံဘက်မှ  UMFCCI ရဲ့ လယ်ယာ /မွေး /ရေဖွံ့ဖြိုးရေးကော်မတီက  တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။

UMFCCI ကော်မတီနဲ့ အသင်းအဖွဲ့များ ဆက်လက်ညှိနှိုင်းပြီး  မြန်မာနိုင်ငံဘက်ကနေ တင်ပို့မယ့် ပစ္စည်းများ၊ တင်သွင်းလိုတဲ့ ပစ္စည်းများကို စာရင်းပြုစုမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း တင်ပို့လိုတဲ့ ပစ္စည်းများ၊ တင်သွင်းလိုတဲ့ ပစ္စည်းများ ပြုစုမှာဖြစ်ပါတယ်။

မေလမှာတော့ နှစ်နိုင်ငံကြား တင်ပို့၊ တင်သွင်းလိုတဲ့ အရေအတွက်၊ ပမာဏ၊ ဈေးနှုန်းစတဲ့ အရောင်းအဝယ်ကိစ္စတွေကို ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး ဆန်စပါးကို ဦးစားပေးတင်ပို့နိုင်ဖို့   ညှိနှိုင်းဆွေးနွေထားပါတယ်။

အခုလို ကုန်ပစ္စည်းဖလှယ်တဲ့စနစ်ကို ကျင့်သုံးတာဟာ  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုကို  မြှင့်တင်ဆောင်ရွက်သွားမယ့် အစီအစဉ်ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

လက်ရှိမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့  နိုင်ငံတကာနှင့် ကုန်သွယ်မှုဆောင်ရွက်ရာမှာ နှစ်နိုင်ငံကုန်သွယ်မှု (Bilateral trade) နဲ့ နယ်စပ်ကုန်သွယ်မှု  (Border trade) အပြင်ကုန်သွယ်မှုလိုငွေ လျော့နည်းစေမယ့်  ကုန်ချင်းဖလှယ်မှုစနစ် (Counter trade) ကိုပါ ကျင့်သုံးနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Kumudra

Export, Import Read 853 times