ထားဝယ်မြို့မဈေးကြီးနှင့် ကမ်းနားဈေး တွင်ရောင်းချနေသည့် ပဲပြားအချို့တွင် ဖော်မလင်ပါဝင်နေသည်ကိုတွေ့ရကြောင်း တနင်္သာရီ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) မှ သိရသည်။
မြို့မဈေးကြီးနှင့် ကမ်းနားဈေးရှိ ဈေး ဆိုင်များမှ ပဲပြားနမူနာများကို မေ ၁၇ ရက် က ဓာတ်ခွဲစစ်ဆေးရာ ဖော်မလင်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း (FDA)တိုင်းဒေသကြီးရုံးမှ ဦးစီးအရာရှိတစ်ဦးက ပြောခဲ့ပါသည်။
ထားဝယ်မြို့မဈေးကြီးတွင် ပဲပြား ဆိုင်နှစ်ဆိုင်နှင့် မုန့်ဖတ်ဆိုင် ခြောက်ဆိုင်ရှိ နမူနာများကို ဓာတ်ခွဲစစ်ဆေးရာ ပဲပြားနှစ်ဆိုင် စလုံးက ပဲပြားများတွင် ဖော်မလင်တွေ့ရပြီး မုန့်ဖတ်များတွင်မူ မတွေ့ရကြောင်း ၎င်းက ပြောခဲ့ပါသည်။
ထို့အပြင် ကမ်းနားဈေးရှိ ပဲပြားဆိုင်နှစ်ဆိုင်နှင့် မုန့်ဖတ်ဆိုင်ရှစ်ဆိုင်မှ နမူနာများကို ဓာတ်ခွဲစစ်ဆေးရာတွင် ပဲပြားဆိုင်တစ်ဆိုင်က ပဲပြားတွင် ဖော်မလင်တွေ့ရကြောင်း၊ ဓာတ်ခွဲတဲ့အဖြေထွက်တာနဲ့ ရောင်းတဲ့ဆိုင်တွေကိုသွားပြီး ပစ္စည်းတွေသိမ်း၍ ဆိုင်ရှင်ကို ခံဝန်ထိုးခိုင်းသည်ဟု ၎င်းက ပြောခဲ့ပါသည်။
အဆိုပါဆိုင်များတွင် ဖော်မလင်ပါသည့် ပဲပြားများ ထပ်မံဖမ်းမိပါက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးကော်မတီထံတင်ပြကာ ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့ပါသည်။
ဖော်မလင်တွေ့ရှိခဲ့သည့် အဆိုပါပဲပြားများသည် ရန်ကုန်မြို့မှတစ်ဆင့် မှာယူရောင်းချသည့် ပဲပြားများဖြစ်ကြောင်း အရောင်းဆိုင်ပိုင်ရှင်များက ပြောခဲ့ပါသည်။
ထို့ကြောင့် ဖော်မလင်ပါသည့် ပဲပြားများ ထုတ်လုပ်သည့် ပင်ရင်းနေရာများကို စစ်ဆေးအရေးယူနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး ဦးစီးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရပါသည်။
ဖော်မလင်ပါသည့် အစားအစာကို စားသုံးမိပါက အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းကာ အစာအိမ်ထိခိုက်ခြင်း၊ အသည်းထိ ခိုက်ခြင်းနှင့် သွေးထဲအထိ စိမ့်ဝင်ပျံ့နှံ့ကာ ကျောက်ကပ်ပျက်စီးနိုင်ပြီးရေရှည်စားသုံးမိပါက အသက်အန္တရာယ်ပါ ထိခိုက်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် ဇူလိုင်လကလည်း ထားဝယ်မြို့မဈေးကြီးနှင့်ကမ်းနားဈေးများ တွင် ရောင်းချနေသည့် ပဲပြား သုံးမျိုးတွင် ဖော်မလင်တွေ့ရှိခဲ့ဖူးပြီး (FDA)မှ ရောင်းချ သူများကို ခံဝန်ထိုးစေကာ ပစ္စည်းများသိမ်း ဆည်းခဲ့ဖူးကြောင်း သိရပါသည်။
Source: Myanmar Times