ငွေကြေးဈေးကွက်တွင် ဒေါ်လာဈေးကျပြီး ကျပ်ငွေတန်ဖိုးမာ


28 February, 2019

ဗဟိုဘဏ်က တစ်ရက် ကန်ဒေါ်လာ ငါးသန်းခန့် ပုဂ္ဂလိကဘဏ်တွေကနေ ဝယ်ယူနေပေမယ့်လည်း ပြည်တွင်းငွေကြေးဈေးကွက်မှာ ယခုနှစ်အတွင်း ပထမအကြိမ်အဖြစ် တစ်ဒေါ်လာကို ကျပ် ၁,၅၀၀ အောက် ကျဆင်းလာပါတယ်။


ဗဟိုဘဏ်က ဒေါ်လာတန်ဖိုး အတက်အကျကို ထိန်းလိုတာကြောင့် ဖေဖော်ဝါရီ ၂၂ ရက်က စတင်ပြီး ပုဂ္ဂလိကဘဏ်များထံမှ ဒေါ်လာ ၂၃ သန်းကို ရည်ညွှန်းငွေလဲနှုန်းနဲ့ ဝယ်ယူခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ တစ်ဒေါ်လာကို ကျပ် ၁,၅၀၀ ကျော်နဲ့ ဈေးကွက်ဖွင့်ခဲ့ပေမယ့်လည်း ညနေမှာ ၁,၄၉၇ ကျပ်ဝန်းကျင် ကျဆင်းလာပါတယ်။

အထည်ချုပ်အလုပ်သမားများ လစာပေးဖို့ ဒေါ်လာအဝယ်များခြင်း၊ နိုင်ငံတကာ ငွေကြေးဈေးကွက်မှာ ဒေါ်လာတန်ဖိုးကျဆင်းခြင်းကြောင့် ကျပ်ငွေတန်ဖိုး မြင့်လာခြင်းဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ပါတယ်။ ‘‘နိုင်ငံတကာမှာက အမေရိကန်၊ တရုတ်ကုန်သွယ်ရေးစစ်ပွဲ အခြေအနေကောင်းလာတော့ ဒေါ်လာတန်ဖိုးကျပြီး စတော့တန်ဖိုးတက်လာတာလည်းပါတယ်’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင်သွင်းထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒါ့ပြင် ဒေါ်လာတန်ဖိုးကျတာကြောင့် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၃၂၇ ဒေါ်လာ မြင့်တက်နေပါတယ်။  နိုင်ငံတကာအခြေအနေကြောင့်  လာမည့်ရက်များမှာ ပြည်တွင်းငွေကြေးဈေးကွက်၌ ဒေါ်လာတန်ဖိုး ခန့်မှန်းရန်ခက်ခဲကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။

နိုင်ငံခြားမှ တစ်ရက်ကို ဒေါ်လာ ၁၃၃ သန်းကျော် တင်သွင်းနေရတဲ့ မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးမြင့်တက်လာခြင်းက နိုင်ငံ့စီးပွားရေးအတွက် အလားအလာကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်လာ ၁၁၄ သန်းကျော် ပြည်ပသို့ပို့ကုန်တင်ပိုနေတဲ့ လုပ်ငန်းရှင်များအတွက်ကတော့ ကျပ်ငွေတန်ဖိုး ပြန်မြင့်တက်ခြင်းက အကျိုးအမြတ်လျော့နည်းစေပါတယ်။

ဆောင်းရာသီမှာ မတ်ပဲအသစ်ပေါ်ချိန်ဖြစ်ပြီး အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံများကို အဓိကထားတင်ပို့ဖို့ စိုက်ပျိုးထုတ်လုပ်တဲ့ မတ်ပဲအား ဒေါ်လာဖြင့်ရောင်းချခြင်းဖြစ်ရာ ဒေါ်လာတန်ဖိုးလျော့နည်းခြင်းက မတ်ပဲဈေးကျဆင်းလာနိုင်တယ် ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။

The Myanmar Times


Myanmar Industry Directory

Local News Read 3552 times