ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်ပမာဏမြင့်တက်လာ


28 March, 2018

ယခုဘဏ္ဍာနှစ်(၂ဝ၁၇ ဧပြီမှ ၂ဝ၁၈ မတ်လ) အထိ မြန်မာ့ ပို့ကုန်ပမာဏ မြင့်တက်လာခြင်းကြောင့် ကုန်သွယ်မှုလိုငွေပြမှု သိသိသာသာကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ သိရပါသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၉၁၂ ဒသမ ၂၇၇ ရှိခဲ့ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၃၉၈ ဒသမ ၂၁ဝ ရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေအမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိကြောင်း၊ ယင်းကုန်သွယ်မှုလိုငွေမှာ ပြီးခဲ့သည့်နှစ် အလားတူကာလ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၁၉၉၈ ဒသမ ၅၄၄ ရှိခဲ့ပြီးသွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၇၂၁၁ ဒသမ ဝ၆၂ ရှိခဲ့သဖြင့် ကုန်သွယ်မှုလိုငွေ ၅ ဘီလီယံကျော် ရှိခဲ့ကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံသာရှိ၍ ကုန်သွယ်မှုလိုငွေ သိသိသာသာ ကျဆင်းလာကြောင်း သိရပါသည်။

ယခုနှစ် မြန်မာပို့ကုန်ပမာဏ တိုးတက်လာရခြင်း အဓိကအကြောင်းအရင်းမှာ ဆန်တင်ပို့မှုသည် ယမန်နှစ်ကထက် မြင့်တက်လာပါတယ်၊ ဒီနှစ်ထဲမှာRE EXPORT (သွင်းကုန်ကို ပြည်ပသို့ တစ်ဖန်ပြန်ပို့မှု)ကလည်း များပြားခဲ့ပါတယ်၊ ထိုင်းက သကြားကို တရုတ်နဲ့ အခြားနိုင်ငံတွေကို ပြန်ပို့တယ်၊ ဒီအတွက်ကြောင့်လည်း ကုန်သွယ်မှုလိုငွေပြမှုက သိသိသာသာ ကျဆင်းလာခြင်းဖြစ်ပါတယ်ဟု ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း သင်ကြားရေးတာဝန်ခံ လက်ထောက်ဝန်ကြားရေးမှူး ဦးသိန်းမြင့်ဝေက ယနေ့ ကမ်းနားလမ်းကုန်သွယ်ရေးဦးစီးဌာန၌ တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် ပဲမျိုးစုံတင်ပို့မှု ကျဆင်းခဲ့သော်လည်း ဆန်တင်ပို့မှု သိသိသာသာ မြင့်တက်ခဲ့သည့်အတွက် မြန်မာ့ပို့ကုန်ပမာဏ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော်ရှိခဲ့ရာမှ ယခု ဘဏ္ဍာနှစ်တွင် ဇန်နဝါရီလကုန်အထိ ၂၇ ဘီလီယံကျော်ရှိသဖြင့် လက်ကျန် ဖေဖော်ဝါရီ လနှင့် မတ်လအတွက် ထည့်ပေါင်းလျှင် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထားကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ခြင်းကြောင့် ပို့ကုန်ထက် သွင်းကုန်မှာ များပြားနေဆဲဖြစ်၍ ပို့ကုန်ထက်သွင်းကုန် များပြားနေမည်ဖြစ်လျှင် လိုငွေပြမည်ဖြစ်သည်။

ပို့ကုန်တင်ပို့မှုများပြားလာလျှင် လိုငွေပြမှု ကျဆင်းလာမည်ဖြစ်ကာ နိုင်ငံခြားငွေအရန်ငွေကြေးထားရှိကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်များအတွင်း မြန်မာ့ပို့ကုန်အနေအထားမှာ ဆန်နှင့် ပဲမျိုးစုံအပြင်RE EXPORTလုပ်ငန်းများ တိုးတက်လာခြင်း၊ သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးလာခြင်းတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကာ ကုန်သွယ်မှုလိုငွေပြမှုကို တဖြည်းဖြည်း လျှော့ချလာမည်ဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားပါသည်။

Source: MOI

Export, Import Read 6015 times