ငါးကြေးခွံ ပြည်ပမှ အဝယ်လိုက်


14 September, 2018

မြန်မာ့ငါးလုပ်ငန်းအဖွဲ့ချုုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်၏ ပြောကြားချက်အရ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများမှ ရေချိုငါးကြေးခွံကို အလှကုန်ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုရန်အတွက် ဝယ်ယူနေကြောင်းသိရပါသည်။

ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံများမှ ဝယ်ယူသူများသည် မြန်မာနိုင်ငံသို့ ရေချိုငါးကြေးခွံများကို ဝယ်ယူရန် လာရောက်နေကြောင်းသိရပါသည်။

"စက်တင်ဘာလ ၇ ရက်နေ့မှာ ဂျပန်နိုင်ငံမှ ဝယ်ယူသူများက ငါးကြေးခွံဝယ်ရန်အတွက် ကျွန်တော်တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ သူတို့တွေက တီလားဗီးယားငါး (Tilapia Fish) ကို လိုချင်တာပါ။ ထိုငါးကြေးခွံမှ ကော်လဂျင် (collagen) လို့ခေါ်တဲ့ အသားအရည်ထိန်းသိမ်းသော ဆေးတစ်မျိုးကို ဖော်ထုတ်မှာဖြစ်ပြီး အဲ့ဒီ ကော်လဂျင်ကို အသားဖြူ ခရင်မ် (whitening lotion) နှင့် အခြား အသားအရည်ထိန်းသိမ်းသော အလှကုန်ပစ္စည်းများ (skincare cosmetics) အတွက် အသုံးပြုမှာလို့သူတို့ပြောတယ် " ဟု ဦးဝင်းကြိုင်ကပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံမှ ဝယ်ယူသူများသည် ငါးကြေးခွံများကို ရန်ကုန်မှ ထိုင်းနိုင်ငံသို့ ယခုတစ်တစ်ပတ်အတွင်း နယ်စပ်လမ်းကြောင်းမှတစ်ဆင့် သယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

တီလားဗီးယား၊ ငါးကြင်း၊ ငါးမြစ်ချင်း စသည့် ငါးများ၏ ကြေးခွံများကို တစ်ပိဿာလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တစ်လလျှင် တန် ၃၀ မှ ၅၀ တန်အထိ ဝယ်ယူမည်ဖြစ်ကြောင်း သိရပါသည်။

ပင်လယ်ငါးမှ ထုတ်လုပ်သည့် ကော်လဂျင် (Collagen) များသည် အသားအရည်စိုပြေချောမွေ့သည့်ဂုဏ်သတ္တိနှင့် ပြည့်စုံသည့်အတွက် အလှကုန်ပစ္စည်းထုတ်လုပ်သည့် ဖော်မြူလာတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါသည်။

“ ဒါက ငါးမွေးမြူရေးလုပ်ငန်းရှင်တွေအတွက် သတင်းကောင်းပါ။ ငါးကြေးခွံကို ရေသုံးထပ်လောက်ဆေးပြီးနေလှန်း၊ ရလာတဲ့ ငါးအကြေးခွံကို ပြန်ရောင်းရုံပဲ။ ဒီဘက်က ပေးနိုင်မယ်ဆိုရင် တစ်လကို တန် ၅၀ လောက်ထိ ပုံမှန်ဝယ်မယ်ပြောတယ်။ ပုလင်းခွံ၊ ဘူးခွံတွေစုပြီး ရောင်းသလို အပိုဝင်ငွေရအောင် ကြေးခွံတွေကို စုပြီး ရောင်းစေချင်ပါတယ် " ဟု ဦးဝင်းကြိုင်က ပြောသည်။

အဝါရောင်ပေါက်နေသည့် ငါးကြေးခွံအခြောက်များထက် အဖြူရောင် ငါးအကြေးခွံများကိုသာ ဝယ်ယူရန် ထိုင်းဝယ်ယူသူများက ဆန္ဒရှိနေကြောင်းသိရပါသည်။

ပြည်တွင်း၌ တီလားဗီးယားငါးကို အလုံးအရင်း မွေးမြူခြင်းမရှိသဖြင့် ငါးအကြေးခွံရရှိရန် ခက်ခဲကြောင်းနှင့် ပြည်တွင်းက ရောင်းချနိုင်သည့် ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးခေါင်းပွငါးများ၏ ကြေးခွံကို နမူနာအဖြစ် ပေးထားကြောင်း ၎င်းက ပြောသည်။

The Irrawaddy

Local News Export, Import Read 690 times