ရေထွက်ကုန်ပစ္စည်းတင်ပို့သည့် ကုမ္ပဏီများကို ကိုရီးယားက လာရောက်စစ်ဆေးမည်


29 August, 2018

ကိုရီးယားနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့သည့် ပြည်တွင်းကုမ္ပဏီများကို ၎င်းတို့၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ကိုရီးယားနိုင်ငံတာဝန်ရှိသူများကစက်တင်ဘာ ဒုတိယပတ်တွင် လာရောက်စစ်ဆေးမည်ဟု ငါးလုပ်ငန်းဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေးနှင့် သုတေသနဌာနစု ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောသည်။

‘‘Food Safety နဲ့ပတ်သက်ပြီးတော့ အခြေအနေကို လာရောက်စစ်ဆေးမှာပါ။ အဓိကကတော့ စက်ရုံတွေပေါ့။ ရေထွက် ပစ္စည်းတင်ပို့နေတဲ့ ကုမ္ပဏီတွေနဲ့ စက်ရုံတွေကို လာရောက်စစ်ဆေးမှာပါ’’ဟု ၎င်းကပြောသည်။

ကိုရီးယားနိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့နေသည့် ကုမ္ပဏီကိုးခုကို လာရောက်စစ်ဆေးမည်ဖြစ်ပြီး ပြည်တွင်းရှိကုမ္ပဏီများ အနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနက ချမှတ်ထားသည့် အစားအသောက် ဘေးကင်းလုံခြုံရန်ဆောင်ရွက်ရမည့် အစီအမံများ လုပ်ဆောင်ထားပါက အဆင်ပြေမည်ဟု ဦးသက်နိုင်ကဆိုသည်။

ကုမ္ပဏီကိုးခုအနက် ငါးခုသည် ရေထွက်ပစ္စည်းများတင်ပို့နေသည့် စက်ရုံဖြစ်ပြီး ကျန်လေးခုသည် ရေထွက်ပစ္စည်းတင်ပို့သူ များသာဖြစ်ကြောင်း ၎င်းကဆိုသည်။ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချမှုတွင် ကိုရီးယားနိုင်ငံသို့ အနည်းငယ်သာ တင်ပို့ ရောင်းချနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရေထွက်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဂျပန်နှင့် အာရပ်အစရှိသည့် နိုင်ငံပေါင်း ၄၀ ကျော်သ့ို တင်ပို့နေပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ပို့ကုန်ပမာဏကန်ဒေါ်လာ သန်းခုနစ်ရာကျော် ရရှိခဲ့သည်။

Source: 7day

Export, Import Read 423 times