မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပြသရောင်းချဖို့ ကျောက်မျက်အချောထည်အတွဲ ၅၀၀ နဲ့ ကျောက်စိမ်းအရိုင်းတွဲ ၇,၀၀၀ ခန့် တင်ပြထားတယ်လို့ ကျောက်စိမ်းလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးမင်းသူက ပြောပါတယ်။
ယခုပြပွဲရဲ့ ထူးခြားချက်က ယခင်ပြသခဲ့တဲ့ ပြပွဲများထက် ကျောက်ကောင်းများစွာ ပါဝင်ပြီး လက်ရှိမှာ ကြမ်းခင်းဈေး ယူရိုငါးသန်းကျော်တန် ကျောက်စိမ်းအရိုင်းတစ်တွဲကို ကော်မတီ Page မှာ တင်ပေးထားပါတယ်။
အဆိုပါ ကျောက်အလေးချိန်ဟာ ၂၂ ကီလိုရှိပြီး ကြမ်းခင်းဈေး ယူရို ၅,၁၈၈,၈၀၀ သတ်မှတ်ထားကြောင်း ပြပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ အခြေခံဈေးကတော့ ပိုင်ရှင်ရဲ့ သဘောဆန္ဒအရသာ ဖြစ်ပြီး ကော်မတီက အနည်းငယ် ဝင်ရောက်ညှိနှိုင်းပေးမှာဖြစ်ပါတယ်။
‘‘တချို့ကျတော့လည်း သူလိုချင်တဲ့ဈေးကို တင်တာရှိတယ်။ ခေါ်ဈေးပေါ့။ တချို့ကျတော့လည်း ဈေးကို အလယ်အလတ်ထားတယ်။ တချို့ကျတော့လည်း ဈေးကိုနှိမ့်ထားပြီးတော့မှ အပြိုင်ကို အားသန်တဲ့လူမျိုးလည်း ရှိတယ်။ သို့သော် တို့လက်ခံတဲ့ ကျောက်တွေကို ကြည့်တဲ့အချိန်မှာ တော်တော်လေးကောင်းတဲ့ ကျောက်တွေများတယ်’’ဟု ဦးမင်း သူက ပြောပါတယ်။
ပြပွဲကို တင်ပြလာတဲ့ ကျောက်များထဲမှာ အခြေခံဈေးမြင့်တဲ့ ကျောက်တွဲများ ပါဝင်သလို အခြေခံဈေးအသင့်အတင့်ဖြင့်သာ တင်ပြထားပေမယ့် တန်ဖိုးတက်သွားနိုင်တဲ့ ကျောက်များကိုလည်းတွေ့ရပါတယ်။
‘‘အရင်ပွဲတွေတုန်းကဆို လက်ခံတဲ့နေ့ကနေ တစ်လလောက်ထိကို ကျောက်ကောင်းပါတာမျိုး မတွေ့ရဘူး။ အခုကတော့ စအပ်ကတည်းကကိုမှ ကျောက်ကောင်းတွေပါလာတယ်။ နောက်ဆုံးသိမ်းတဲ့နေ့အထိ ကျောက်ကောင်းတွေ တောက်လျှောက်ပါနေတယ် ’’ ဟု ဦးမင်းသူက ပြောပါတယ်။
မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမယ့် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ အရင်က အခြေခံကြမ်းခင်းဈေး ယူရို ၄,၀၀၀ သတ် မှတ်ထားပေမယ့် အခုပြပွဲက စတင်ကာ ယူရို ၅,၀၀၀ သို့ တိုးမြှင့်မယ်လို့ ပြပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။
7day daily
Myanmar Industry Directory