FMI လေကြောင်းလိုင်း ယာယီရပ်နား


21 July, 2018

မြန်မာ့လေကြောင်း လိုင်းကဏ္ဍတွင် စီးပွားရေးအရ စိန်ခေါ်မှုများစွာရှိနေသဖြင့် FMI လေကြောင်းလိုင်းကို ဇူလိုင် ၂၀ ရက်က စ၍ ယာယီရပ်ဆိုင်းကာလေယာဉ်ဝန်ထမ်းများပါ အလုပ် မှ ရပ်နားမည်ဟု FMI လေကြောင်း လိုင်းက သတင်းထုတ်ပြန်သည်။ FMI လေကြောင်း လုပ်ကိုင်ခဲ့သည်မှာ ၆ နှစ် မပြည့်ခင်မှာ ယခုလို ယာယီရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

စင်းလုံးငှားဖြင့် စတင်
***********
စင်းလုံးငှား AIR Charter လုပ်ငန်းများ ဖြင့် ၂၀၁၂ကစ၍ လေကြောင်း လိုင်းလုပ်ငန်းသို့ ဝင်ရောက်လာ သည့် FMIလေကြောင်းသည် ၂၀၁၅တွင် FMI AIR လေကြောင်းလိုင်း အော်ပရေတာအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနမှ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီဖြစ်သည်။ ထူထောင်သူမှာ စီးပွားရေးလုပ်ငန်းရှင် Serge Pun ဖြစ်သည်။
လေကြောင်းလိုင်း အော်ပရေတာ လုပ်ကိုင်ခွင့် ရပြီးသောအခါ FMI လေကြောင်းလိုင်း စတင်ပြေးဆွဲခဲ့ရာ၌ ရန်ကုန် -နေပြည်တော်ခရီးသည် တိုက်ရိုက်ပျံသန်းပြေးဆွဲခဲ့သည်။ မြန်မာနိုင်ငံမြောက်ဖျားရှိ မြစ် ကြီးနားမြို့နှင့် တောင်ဖျားရှိကော့သောင်းမြို့များသို့ ခရီးစဉ်တိုးချဲ့ပျံသန်းပြေးဆွဲခဲ့သည်။ တစ်ဦးလျှင် ကျပ်ကိုးသောင်းရှစ်ထောင် ဖြင့် ပြေးဆွဲခဲ့ခြင်း ဖြစ်သည်။ FMI လေကြောင်းသည် သံတွဲ၊ မြိတ်၊ အပါအဝင် ခရီး ၅ ခုအထိ ပျံသန်းပြေးဆွဲနေခဲ့သည်။ FMIသည် လေယာဉ်သစ်များ ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုအသစ် များဆောင်ရွက်ရေးရင်းနှီးမြှုပ်နှံမှု များကို တိုးချဲ့လုပ်ကိုင်ရန် ရည်ရွယ်ထားသော်လည်း အကောင်အထည် မဖော်ဖြစ်ခဲ့ပေ။

ဆွေးနွေးမှု ရပ်ဆိုင်
**********
AirAsia Group နှင့် အတူပူးပေါင်း၍ စရိတ်ကျဉ်း လေကြောင်းလိုင်းအဖြစ် ပြေးဆွဲရန် ဆွေးနွေးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက သဘောမတူသဖြင့် ပွဲပျက်သွားခဲ့သည်ဟုလည်း သတင်းထွက်ပေါ်ခဲ့သည်။ AirAsia Group Bhd ၏ Chief Executive ဖြစ်သူ Tony Fernandes က မြန်မာနိုင်ငံတွင် ၎င်း၏ ဘတ်ဂျက်လေကြောင်းလိုင်း လုပ်ကိုင်ရန် မြန်မာပြည်တွင်းလေကြောင်းလိုင်းတစ်ခုနှင့် ဆွေးနွေးနေကြောင်း မတ်လတွင် ပြောကြားခဲ့ဖူးသည်။ မေလတွင် ဆွေးနွေးမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။

ရပ်ဆိုင်းကြမည့် ၄ လိုင်း
မကြာသေးမီက ပြည်တွင်းလေကြောင်းလိုင်း ၄ ခု ရပ်ဆိုင်းမည်ဟု သတင်းထွက်ပေါ်ခဲ့ရာ၌ ရပ်နားထားပြီဖြစ်သော Air Bagan နှင့် Apex Airlines တို့နှင့်အတူ FMI လေကြောင်းကို အတူဖော်ပြထားသည်။ ၎င်းလေကြောင်း လေးခုအနက် ကျန်သည့် လေကြောင်းတစ်ခုမှာ Asian Wings Airways ဖြစ်သည်။

ခရီးသည် မများပြား
*************
ပြည်တွင်းသွားလာမှုများတွင် အများဆုံး အသုံးပြုကြသည်မှာ အဝေးပြေးယာဉ်များ ဖြစ်ပြီး လေယာဉ်ကို အနည်းဆုံး အသုံးပြုကြသည်။ ပြည်ပခရီးသွားများ အဝင်နည်းလာသည့်အခါ လေကြောင်းလိုင်းများ အကျပ်အတည်းကြုံရသည့်အပြင် လေယာဉ်ဆီအပါအဝင် စရိတ်စကများက မြင့်တက်လာခဲ့သဖြင့် ဘူးလေးရာ ဖရုံဆင့်နေခဲ့သည်။
မြန်မာနိုင်ငံသို့ ပြည်ပခရီးသည်များ အဝင်နည်းသည်မှာ ရခိုင်အရေးကြောင့်ဟု ဆိုကြသော်လည်း ထိုအချက်သည့် တစ်စိတ်တစ်ပိုင်းသာ မှန်သည်။ ပြည်ပခရီးသွားစာရင်းတွင် စီးပွားရေးအလုပ်သဘောအရ လာရောက်ကြသူများကိုပါ ထည့်သွင်းတွက်ချက်ထားပေရာ ယခုအခါ စီးပွားရေး အလားအလာကျဆင်းလာနေပေရာ ထိုသို့ စီးပွားရေးအလုပ်သဘောအရ လာရောက်သူ ဦးရေ သိသိသာသာ လျော့နည်းသွားပြီဟု သုံးသပ်ကြသည်။
ပြည်တွင်းလေကြောင်းလိုင်း ၁၀ ခုသည် ခရီးသည် နှစ်သန်းဝန်းကျင်မျှကိုသာ တစ်နှစ်တာအတွင်း သယ်ယူပို့ဆောင်ပေးနေကြရခြင်း ဖြစ်သည်။ မုတ်သုန်ရာသီတွင် ခရီးသည် အရနည်းသည့်အပြင် လေယာဉ်ဆီဈေးနှုန်း မြင့်မားသဖြင့် လေယာဉ်လက်မှတ်ခလည်း မြင့်မားနေရပေရာ စီးမည့်သူ လျော့ကျစေပေသည်။ သို့ဖြစ်ရာ ခရီးစဉ် အများအပြားတို့သည် တွက်ခြေမကိုက်တော့ချေ။

လေကာမှန် ကွဲ
**********
FMI လေကြောင်းလိုင်းသည် ATR လေယာဉ်နှစ်စီးပိုင်ဆိုင်ထား သည်။ ဇွန်လ ၂၀ ရက် နံနက် ၈နာရီ မိနစ် ၂ဝ က ထွက်ခွာခဲ့သောFMI လေကြောင်း လိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် ND- (104) ၏ ATR -72 လေယာဉ်သည် နေပြည်တော်လေဆိပ်မှထွက်ခွာပြီး မိနစ် ၂ဝ ခန့်အကြာ အမြင့်ပေ ၁၆ဝဝဝ ခန့်တွင် လေဖိအားကြောင့် လေယာဉ်၏ ယာဘက်လေကာမှန် အက်ကွဲခဲ့သော်လည်း ထိခိုက် မှုတစ်စုံတစ်ရာမရှိဘဲ ရန်ကုန်လေဆိပ်သို့ နံနက် ၉ နာရီ ၅ မိနစ်တွင် ကောင်းမွန်စွာဆိုက်ရောက်ခဲ့သည်။ အဆိုပါ လေယာဉ်တွင် ကပ္ပတိန် နှင့် လေယာဉ်အမှုထမ်း လေးဦး၊ ခရီးသည် ၂၂ ဦး၊ လုံခြုံ ရေးဝန်ထမ်းနှစ်ဦးတို့ လိုက်ပါခဲ့ကြသည်။

အပြည့်အ၀ ရပ်ဆိုင်းမည်
*************
ယခုလို လေကြောင်းလိုင်း ပြေးဆွဲနေခြင်းကို ယာယီရပ်ဆိုင်းထားမည့် ဇူလိုင် ၂၃ ရက်နောက်ပိုင်းတွင် FMI ၏လေယာဉ်စင်းလုံးငှားဝန် ဆောင်မှုကိုလည်း ယာယီရပ် ဆိုင်းမည်ဖြစ်သည်။
လေကြောင်းလိုင်း ရပ်နား သဖြင့် ကြိုတင်လက်မှတ်ဝယ်ယူ ထားသူများအား လက်မှတ်ခများ ပြန်လည်ပေးအပ်မည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ဝန်ထမ်း ၁၃၀ ကျော်ကို အလုပ်မှ ရပ်နားပြီး လုပ်ငန်းစုအတွင်း အခြားဌာနများသို့ ပြောင်းရွှေ့ပေးမည်ဖြစ်သည့်အ ပြင် အလုပ်သမားဥပဒေနှင့်အညီ ကြိုတင်အသိပေးမှုနှင့် လျော်ကြေးများ ပေးအပ်မည်ဟုဆိုထား သည်။

Local News Read 727 times