Bonus Share နှင့်အမြတ်ငွေပေးမည်ဟုကြေညာပြီးနောက် FMI ကုမ္ပဏီ၏ရှယ်ယာဈေးနှုန်းသည်တစ်ပတ် အတွင်း ၁၁ ရာခိုင်နှုန်းကျော်မြင့်တက်လာကြောင်းသိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင်ပထမဦးဆုံးစာရင်းဝင်ကုမ္ပဏီဖြစ်သည့် FMI ကုမ္ပဏီသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းရရှိသည့် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကိုအမြတ်ဝေစုအဖြစ်ရှယ်ယာရှင်များကိုခွဲဝေပေးမည်ဟု ဇူလိုင် ၁ ရက်နေ့တွင်ကြေညာခဲ့သည်။
ယင်းသို့ကြေညာပြီးနောက် FMI ရှယ်ယာတစ်စုလျှင်ဇွန်လ ၃၀ ရက်က ကျပ် ၁၃၅၀၀ ပေါက်ဈေးရှိခဲ့ရာမှဇူလိုင် ၇ ရက်တွင် ကျပ် ၁၅၀၀၀ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။
FMI အနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကစုစုပေါင်းဝင်ငွေကျပ် ၁၀၀ ဘီလီယံမှ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်းဝင်ငွေ ကျပ် ၁၆၁ ဒသမ ၃ ဘီလီယံသို့တိုးတက်ခဲ့ကြောင်းသိရသည်။
ထို့ကြောင့်ကုမ္ပဏီ၏ရှယ်ယာတစ်စုဝင်ငွေသည် ၄၀၇ ကျပ်မှလက်ရှိဘဏ္ဍာနှစ်တွင် ၅၁၈ ကျပ်သို့ ၂၇ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ဟုသိရသည်။
သို့သော် FMI ကုမ္ပဏီသည်လုပ်ငန်းတိုးချဲ့ဆဲဖြစ်သောကြောင့် အမြတ်ငွေများကိုထပ်မံတိုးချဲ့ရေးအသုံးပြုရန်ရည်ရွယ်ထားသောကြောင့် အမြတ်ငွေများအစားအစုရှယ်ယာ ၁၀ စုလျှင်ရှယ်ယာတစ်စုထုတ်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်ထားသည်။
ထို့ပြင်ရှယ်ယာတစ်စုလျှင် Bonus (ဆုကြေးငွေ) ၁၀၀ ကျပ်ပေးမည်ဟုသိရသည်။
FMI ကုမ္ပဏီသည်ယခင်နှစ်တွင်ရှယ်ယာတစ်စုလျှင်အမြတ်ငွေ ၁၃၅ ကျပ်ပေးခဲ့သည်။
FMI ကုမ္ပဏီအုပ်စုအနေဖြင့်ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာဖော်ထုတ်တည်ဆောက်မှုကဏ္ဍနှင့်ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍများတွင်ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်နေသည့်အပြင် တိုးချဲ့ရင်းနှီးမြှုပ်နှံမှုအဖြစ် ခရီးသွားလုပ်ငန်းနှင့်အခြေခံအဆောက်အအုံကဏ္ဍများ ကိုဆောင်ရွက်နေသည်။
လက်ရှိရန်ကုန်စတော့အိတ်ချိန်းတွင်ကျန်စာရင်းဝင်ကုမ္ပဏီဖြစ်သည့် သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) မှရှယ်ယာတစ်စုလျှင်ကျပ် ၂၆၀၊ မြန်မာနိုင်ငံသားများဘဏ်ကအမြတ်ဝေစု ၃၀၀ ကျပ်နှင့်ပထမပုဂ္ဂလိကဘဏ်မှအမြတ်ငွေကျပ် ၂၀၀၀ ပေးမည်ဟုကြေညာထားသည်။