ကျောင်းကြို၊ ပို့ယာဉ်စနစ်အသစ်တွင် ယာဉ်မောင်းလုပ်ကိုင်ရန် အမျိုးသမီး ခုနစ်ဦးအပါအဝင် ယာဉ်မောင်း ၂၀၀ ကျော် လျှောက်ထားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
YRTA ၏ ကြီးကြပ်မှုဖြင့် ယခုနှစ်ကျောင်းဖွင့်ရာသီတွင် စတင်ပြေးဆွဲမည့် ကျောင်းကြို၊ ပို့ယာဉ်များအတွက် ယာဉ်မောင်းနှင့် ယာဉ်ကြီးကြပ်များကို မေလ ၁၁ ရက်ကစတင်၍ လျှောက်လွှာများခေါ်ယူခဲ့ပါသည်။
ထိုသို့ခေါ်ယူရာတွင် ယာဉ်မောင်းလုပ်ကိုင်ရန် အမျိုးသား ၂၁၅ ဦး၊ အမျိုးသမီး ခုနစ်ဦးနှင့်ယာဉ်ကြီးကြပ်လုပ်ကိုင်မည့် အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်း ၃၃၉ ဦးလာရောက်လျှောက်ထားခဲ့သည်ဟု ၎င်းကပြောခဲ့ပါသည်။
ယင်းကျောင်းကြို၊ ပို့ယာဉ်များတွင် လုပ်ကိုင်လိုသူများသည် အနိမ့်ဆုံး ပညာအရည်အချင်း သတ္တမတန်းအောင်မြင်သူဖြစ်ရန်လိုပြီး ယာဉ်မောင်းသည် အသက် (၃၀) နှစ်မှ (၅၅) နှစ်အတွင်းနှင့် ယာဉ်ကြီးကြပ်ကအသက် (၂၀) နှစ်မှ (၃၅) နှစ်အတွင်းရှိရမည်ဟု YRTA ၏ ကြေညာသည်။
ထို့အပြင် ယာဉ်မောင်းသည် အနိမ့်ဆုံး ‘ဃ’လိုင်စင်ရှိရန်လိုပြီး ရည်မွန်မွန်ရှိ၍ ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရပါသည်။
YRTA သည် ပြီးခဲ့သည့် ကျောင်းဖွင့်ရာသီကစ၍ ကျောင်း ကြို၊ ပို့ယာဉ်စနစ်အသစ်ကို အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိပြေးဆွဲလျက်ရှိသည့် ကျောင်းကြို၊ ပို့ယာဉ်ပိုင်ရှင်များ၊ သက် ဆိုင်ရာကျောင်းများနှင့် ညှိနှိုင်းမှု မပြီးခြင်းကြောင့်ဟု ဆိုကာ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ယခုနှစ်၌ စတင်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် ကျောင်းကြို၊ ပို့ယာဉ်များ ဘေးကင်းစွာပြေးဆွဲနိုင်ရန် ကိုရီးယားနိုင်ငံမှ ဘတ်စ်အစီးရေ ၂၀၀ ကို ၂၀၁၇ နှစ်လယ်က ဝယ်ယူတင်သွင်းခဲ့သည်။
အဆိုပါအစီး ၂၀၀ အနက် အစီးရေ ၁၀၀ ခန့်ကို လာမည့်ကျောင်းဖွင့်ချိန်၌ ကမာရွတ်တီတီစီနှင့် ရန်ကင်းတီတီစီကျောင်းတို့၌ စတင်စမ်းသပ်ပြေးဆွဲမည်ဟု ကနဦး ထုတ်ပြန်ထားပါသည်။
7 Day Daily