နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင်စက်မှုဇုန်အသစ်များ အကောင်အထည်ဖော်ရန်အဆိုပြု


27 April, 2018

နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် စက်မှုဇုန်အသစ်များ ထူထောင်အကောင်အထည်ဖော်ရန် အဆိုပြုမှုများရှိသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူးက ပြောခဲ့ပါသည်။

လက်ရှိတွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ညောင်နှစ်ပင်တွင် ကိုရီးယားနိုင်ငံက စက်မှုဇုန် ထူထောင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းနေပြီး ကိုရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များ ဖိတ်ခေါ်ကာ ရင်းနှီးမြှုပ်နှံမှု အမြန်ဆုံးစတင်နိုင်ရန် ကိုရီးယား နိုင်ငံမှ တာဝန်ရှိသူများက ဆန္ဒရှိသည်ဟု ၎င်းက ပြောခဲ့ပါသည်။

စက်မှုဇုန် ထူထောင်လိုသူသည် မြေနေရာအတွက် သက်ဆိုင်ရာ တိုင်းအစိုးရနှင့် ညှိနှိုင်း သဘောတူညီချက် ရယူခြင်း၊ လိုအပ်သည့် လုပ်ထုံးလုပ်နည်း များဖြည့်ပြီး မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်သို့ တင်ပြ လျှောက်ထားနိုင်သည်ဟု ၎င်းက ပြောသည်။စက်မှုဇုန်အသစ်များ ထူထောင်ရန် ရင်းနှီးမြှုပ်နှံခြင်းသည်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ ရင်းနှီးမြှုပ်နှံလိုသည့် ကဏ္ဍတွင် ပါဝင်နေသည်ဟု ဆက်လက်ပြောခဲ့ပါသည်။

ရန်ကုန်တိုင်း စက်မှုဇုန်ဟောင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် နေရာအခက်အခဲရှိနေခြင်းကြောင့် စက်မှုဇုန်အသစ်များ ထပ်မံဖော်ထုတ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါသည်။

ရန်ကုန်တိုင်းအစိုးရသည် စက်မှုဇုန်ဟောင်းများကို အဆင့် မြှင့်တင်ပြီး ဒဂုံလေးမြို့နယ်ကို ဖြတ်သန်းသော သီလဝါ၊ ဟံသာ ဝတီ စီးပွားရေးစင်္ကြံပေါ်ရှိ စက် မှုဇုန်များအပေါ် စနစ်တကျ တည်ဆောက်ရန် ပြင်ဆင်နေသည်ဟု သိရပါသည်။

ရန်ကုန်တိုင်းတွင် စက်မှုဇုန် ၂၉ ခုရှိပြီး အများစုက လမ်း၊ ရေမြောင်း၊ လျှပ်စစ်မီးအတွက် ကိုယ်ထူကိုယ်ထဆောင်ရွက်နေရ သည်ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်တစ်ဦး က ပြောခဲ့ပါသည်။

7 day daily

Local News Read 859 times