ပြည်တွင်းကုမ္ပဏီများထက် ပြည်ပအခြေစိုက်ကုမ္ပဏီများရှိ ဝန်ထမ်းများ လုပ်ခလစာ ပိုမိုရရှိနေ


22 March, 2018

ပြည်တွင်းကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများထက် ပြည်တွင်းရှိ နိုင်ငံတကာမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုပြုသည့် ကုမ္ပဏီများတွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများ၏ လစနှုန်းထားကွာဟချက်သည် ပျမ်းမျှ ၆၀ ရာခိုင်နှုန်းအထိရှိကြောင်း JobNet.com.mm ၏ စစ်တမ်းများအရ သိရပါသည်။

စစ်တမ်းများကို နိုင်ငံအတွင်းရှိ ကုမ္ပဏီများမှ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် တာဝန်ထမ်းဆောင်နေသော လူပေါင်း ၃၀၀ ခန့်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက မေးမြန်း၍ စစ်တမ်းကောက်ယူထားခြင်းဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်သူများသည် ညွှန်ကြားရေးမှူးနှင့် အထက်ရာထူးများအတွက် လစာငွေကျပ် သိန်း ၅၀ ဝန်းကျင်ရရှိပြီး ပြည်တွင်းကုမ္ပဏီများတွင်မူ လစာငွေကျပ် ၂၄ သိန်း ဝန်းကျင်သာရရှိကြောင်း၊ ပြည်တွင်းကုမ္ပဏီများတွင် မန်နေဂျာရာထူးလုပ်ကိုင်သူများသည် လစာငွေကျပ် ၁၂ သိန်းခန့်သာရရှိသော်လည်း နိုင်ငံတကာကုမ္ပဏီများတွင်မူ မန်နေဂျာရာထူးအတွက် လစာငွေကျပ် သိန်း ၂၀ ဝန်းကျင်ရရှိကြကြောင်း သိရပါသည်။

အလုပ်စတင်ဝင်ရောက်လုပ်ကိုင်သော ဝန်ထမ်းများအတွက် နိုင်ငံတကာကုမ္ပဏီများက ငွေကျပ် ၅ သိန်းကျော် ပေးသော်လည်း ပြည်တွင်းကုမ္ပဏီများတွင်မူ ငွေကျပ် ၃ သိန်း ဝန်းကျင်သာ ရရှိကြောင်း စစ်တမ်းများအရ သိရပါသည်။

မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုနှင့်အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါ ဆက်တိုက်ဝင်ရောက်လာသောကြောင့် နိုင်ငံတကာကုမ္ပဏီများ တဖြည်းဖြည်းများလာခြင်းဖြစ်ပြီး ထိုကုမ္ပဏီများမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးခဲ့ပါသည်။

စစ်တမ်းများအရ နိုင်ငံတကာကုမ္ပဏီများသည် အမှန်တကယ် လုပ်ငန်းကျွမ်းကျင်၍ ဘာသာစကားကောင်းကောင်းတတ်လျှင် လစာငွေကိုအများကြီးပေးဖို့ ဝန်မလေးဘူးဆိုသည်မှာ သိသာကြောင်း JobNet.com.mm ၏ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

လုပ်ငန်းနယ်ပယ်အလိုက် လစာကွာခြားမှုများရှိပြီး Engineering ၊ Technical ၊ Project Management နယ်ပယ်တွင် ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်း၊ IT ၊ Software & Hardware ၊ နယ်ပယ်တွင် ပျမ်းမျှလစာ ၈၁ ရာခိုင်နှုန်း၊ Marketing ၊ Media နှင့် Creatives နယ်ပယ်တွင် ပျမ်းမျှလစာ ၅၂ ရာခိုင်နှုန်း၊ Banking ၊ Finance နှင့် Professional Services နယ်ပယ်တွင် ပျမ်းမျှလစာ ၅၃ ရာခိုင်နှုန်း၊ Hospitality ၊ F&B နယ်ပယ်တွင် ပျမ်းမျှလစာ ၁၀၆ ရာခိုင်နှုန်း၊ Sales နှင့် Business Development နယ်ပယ်တွင် ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းရှိပြီး နိုင်ငံတကာကုမ္ပဏီဝန်ထမ်းများသည် ပြည်တွင်းကုမ္ပဏီဝန်ထမ်းများထက် လစာနှုန်းထားများ ပိုမိုရရှိကြောင်း သိရပါသည်။

Source: Myawady

Local News Tips Read 2189 times