မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းဒေသကြီးသို့ ဝင်ရောက်နေခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုကော်မတီများက ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာပါးသန်း သို့မဟုတ် ကျပ် သန်း ၆၀၀၀ အထိရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစားဌာန(DICA) တစ်နည်းအားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံကော်မရှင်(MIC)ရုံးများကို ဖွင့်လှစ်ထားပြီဖြစ်ကြောင်း သိရပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလေးခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၁ ခုတို့အား အတည်ပြုမိန့်များထုတ်ပေးခဲ့ပြီး မတည်ငွေရင်းပမာဏ စုစုပေါင်း ဒေါ်လာ ၄၀ ဒသမ ၂၉၅ သန်းနှင့် ကျပ်ငွေ ၁၁၇၉၁ ဒသမ ၂၂ သန်း၊ အလုပ်အကိုင်အခွင့်အလမ်း ၁၂၃၉၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ပထမပတ်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု အပါအဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၅ ဒသမ ၄ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉၅ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၄၄၁၈ ဒသမ ၁၁၇ သန်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏမှာဒေါ်လာ ၅၁၁၂ ဒသမ ၄၃၃ သန်းဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုမှုလည်းပါဝင်သဖြင့် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၅၄၀၄ ဒသမ ၃၇၃ သန်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုပေးထားရာတွင် လုပ်ငန်း၏ စီးပွားရေးတွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပစျေးကွက်အခြေအနေ၊ ပြည်တွင်းစားသုံးရန်လိုအပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြောင်းရရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ကာကွယ်ရေး ဆောင်ရွက်မှုအစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှ့ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့်အချက်များကို အခြေခံ၍ စီစစ်ခြင်းဖြစ်ကြောင်း သိရပါသည်။