၂၀၁၇ ခုနှစ် နို၀င်ဘာနှင့် ဒီဇင်ဘာ နှစ်လအတွင်း မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ဒေါ်လာ ၂၄၂ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၆၄ သန်းခန့်ဖြင့် ဒုတိယအများဆုံး ၀င်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နို၀င်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး ဒေါ်လာ ၂၃၄ ဒသမ ၉၇၄ သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးဒေါ်လာ ၃၀၇ ဒသမ ၂၂၄ သန်း ခွင့်ပြုပေးခဲ့သည်။
အဆိုပါ နို၀င်ဘာနှင့် ဒီဇင်ဘာနှစ်လအတွင်း ကဏ္ဍအလိုက် ၀င်ရောက်ခဲ့မှုမှာ နို၀င်ဘာလအတွင်း ပို့ဆောင်ရေးနှင့် ဆယ်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၄၃ ဒသမ ၂၆၈ သန်း၊ ဒီဇင်ဘာလအတွင်း ဒေါ်လာ ၂၀ ဒသမ ၅သန်း ၀င်ရောက်ခဲ့ပါသည်။
လျှပ်စစ်စွမ်းအားကဏ္ဍတွင် နို၀င်ဘာလအတွင်း ခွင့်ပြုပေးခဲ့မှုမရှိခဲ့သော်လည်း ဒီဇင်ဘာလတွင် ဒေါ်လာ ၂၄၂ ဒသမ ၃၉၀ သန်းရှိ လုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့ပါသည်။
စက်မှုကဏ္ဍတွင် နို၀င်ဘာလအတွင်း ဒေါ်လာ ၄၇ ဒသမ ၉၁နှင့် ဒီဇင်ဘာလအတွင်း ဒေါ်လာ ၂၄ ဒသမ ၂၃၄ သန်း ၀င်ရောက်ခဲ့ပါသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် အဆိုပါနှစ်လအတွင်း ဒေါ်လာ ရ ဒသမ ၄ သန်းအထိ၀င်ရောက်ခဲ့ပြီး အခြားဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂၅ ဒသမ ၄ သန်းအထိ ၀င်ရောက်ခဲ့သည်။
သတ္တုတွင်းကဏ္ဍတွင် နို၀င်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁ သန်းအထိ ၀င်ရောက်ခဲ့ကာ ဒီဇင်ဘာလအတွင်းမူ ၀င်ရောက်ခြင်းမရှိပေ။
လယ်ယာကဏ္ဍအနေဖြင့်မူ အဆိုပါနှစ်လအတွင်း ဒေါ်လာ ၁ ဒသမ ၀၈သန်းသာ ၀င်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပြီး စက်မှုဇုန်တည်ဆောက်မှုကဏ္ဍတွင်မူ ဒေါ်လာ ၂၈ ဒသမ ရ၀၆ သန်းအထိ ၀င်ရောက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နို၀င်ဘာနှင့် ဒီဇင်ဘာနှစ်လအတွင်း ခွင့်ပြုပေးခဲ့သည့်ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ၁၆၀၀၀ ကျော်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏဒေါ်လာ ၅ ဒသမ ၂ ဘီလျံကျော် ၀င်ရောက်ထားပြီး စင်ကာပူနိုင်ငံက အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၉၅၅ ဒသမ ၄၇၄ သန်းဖြစ်ပြီး အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ခွင့်ပြုပေးခဲ့မှုအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၂၃၅ ဒသမ ရ၆၄ သန်းဖြစ်ကြောင်း သိရပါသည်။