တစ်နှစ်တာအတွင်း ထွက်ခွာတဲ့ ပြည်ပကုမ္ပဏီများ


28 January, 2022

တစ်နှစ်တာအတွင်း ထွက်ခွာတဲ့ ပြည်ပကုမ္ပဏီများ

ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကြီးများ ဖြစ်ကြတဲ့ အမေရိကန်မှ Chevron နှင့် ပြင်သစ်မှ TotalEnergies တို့က မြန်မာမှ ထွက်ခွာကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မရှေးမနှောင်းမှာ ဩစတေးလျမှ ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်းကြီး Woodside Petroleum က မြန်မာမှ ထွက်ခွာကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Royal Dutch Shell Plc က မြန်မာနိုင်ငံမှာ လုပ်ကိုင်ခြင်း မရှိတော့ကြောင်း ပြောကြားပါတယ်။

တစ်နှစ်တာအတွင်း ထွက်ခွာခဲ့တဲ့ ပြည်ပကုမ္ပဏီများအနက် အချို့ကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။ 

၂၀၂၁ မတ်လ

အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၆၀ နီးပါးအကြာမှာ ပြင်သစ် ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်း Voltalia က မြန်မာနိုင်ငံရှိ လုပ်ငန်းခွင်ကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ဝန်ထမ်း ၄၃ ဦးရှိပြီး အများစုဟာ မြန်မာနိုင်ငံသားများ ဖြစ်ပါတယ်။


၂၀၂၁ ဧပြီလ

တောင်ကိုရီးယားမှ စတီးထုတ်လုပ်ရေးလုပ်ငန်း 
 Posco က မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် Myanma Economic Holdings Public Company Limited နင့် ဖက်စပ်လုပ်ကိုင်နေခြင်း ရပ်ဆိုင်းမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ အခုအထိ အကောင်အထည် ‌မပေါ်သေးပါဘူး။ 
 
POSCO International က အနောက်ကမ်းရိုးတန်းမှာ ကမ်းလွန်ဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့တဲ့လုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိပြီး ယင်းဓာတ်ငွေ့စီမံကိန်းများဟာ စစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်ခြင်း မရှိကြောင်း ပြောကြားပါတယ်။

၂၀၂၁ မေလ

အမေရိကန်မှ Chevron နှင့် ပြင်သစ်မှ TotalEnergies တို့က နိုင်ငံပိုင်လုပ်ငန်း MOGE ပါဝင်တဲ့ ရတနာဓာတ်ငွေ့သိုက် ဖက်စပ်လုပ်ငန်းမှ ငွေကြေးခွဲဝေခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာပါတယ်။ ရတနာဓာတ်ငွေ့သိုက် လုပ်ကွက်များမှ ဓာတ်ငွေ့ ထုတ်လုပ်မှုကို ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး ထိုင်းနှင့်မြန်မာတို့ထံ ဆက်လက်ပေးပို့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 
McKinsey နှင့် Coca-Cola အပါအဝင် ကမ္ဘာ့ကုမ္ပဏီ အချို့က တပ်ပိုင်မြေပေါ်ရှိ အဆောက်အဦမှာ ငှားရမ်းသုံးစွဲလျက်ရှိတဲ့ ရုံးခန်းမှ ရွှေ့ပြောင်းကြောင်း ပြောကြားခဲ့ပါတယ်။


၂၀၂၁ ဇွန်လ

နော်ဝေး ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း KLP က Adani Ports and Special Economic Zone Limited မှာ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းကြောင်း ပြောကြားပါတယ်။ ဆိပ်ကမ်းစီမံကိန်း မြေနေရာက စစ်တပ်နဲ့ ဆက်နွှယ်မှု ရှိနေတာကြောင့် KLP ရဲ့ ရင်းနှီးမြှုပ်နှံမှု ချိုးဖောက်ရာ ရောက်နေတဲ့အတွက် နုတ်ထွက်ရတာဖြစ်ကြောင်း ပြောကြားပါတယ်။

အိန္ဒိယ အကြီးမားဆုံး ဆိပ်ကမ်းအော်ပရေတာ Adani Ports က ရန်ကုန်ဆိပ်ကမ်းမှာ ကွန်တိန်နာ ဆိပ်ခံအသစ် ဆောက်လုပ်ဆဲဖြစ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ 

 

၂၀၂၁ ဇူလိုင်လ

နော်ဝေး ဆက်သွယ်ရေးလုပ်ငန်း Telenor က Telenor Myanmar ကို လက်ဘနွန်မှ M1 Group သို့ ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သက်ဆိုင်ရာမှ အတည်ပြု ခွင့်ပြုချက် မရရှိသေးလို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ 
M1 Group အနေဖြင့် ပြည်တွင်းလုပ်ငန်းနှင့် အတူတွဲပြီး ဝယ်ယူမှ ခွင့်ပြုချက် ရရှိနိုင်မှာဖြစ်သဖြင့် ပြည်တွင်းလုပ်ငန်း ရွှေဗျိုင်းဖြူနှင့်အတူ ကုမ္ပဏီ ထူထောင်ပြီး Telenor Myanmar ကို ဝယ်ယူမယ်လို့ သတင်းထွက်ပေါ်ပါတယ်။

 

၂၀၂၁ အောက်တိုဘာလ
Lucky Strike ဆေးလိပ်ထုတ်လုပ်တဲ့ British American Tobacco က မြန်မာပြည်မှာ လုပ်ကိုင်နေသမျှအားလုံးကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Adani Ports က မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ပြီး စီမံကိန်းကို ရောင်းချနိုင်ဖို့ ဝယ်ယူမယ့်သူ ရှာဖွေနေဆဲ ဖြစ်ပါတယ်။ 

 

၂၀၂၂ ဇန်နဝါရီလ 

Telenor က Wave Money မှာ ရှယ်ယာအများစု ပိုင်ဆိုင်ထားပြီး ၎င်းရှယ်ယာများကို စင်ကာပူလုပ်ငန်း Yoma Strategic Holdings Ltd. ထံ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။

စစ်တပ်က ထိန်းချုပ်ထားသော စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သူများသည် အရေးယူ ပိတ်ဆို့မှုများနှင့် ငွေကြေးခဝါချမှု ဥပဒေများကို ချိုးဖောက်ခြင်းများအပြင် ဂုဏ်သိက္ခာ၊ ဘဏ္ဍာရေးနှင့် ဥပဒေဆိုင်ရာ အန္တရာယ်များကို ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန် အစိုးရအဖွဲ့၏ ဌာန ခြောက်ခုက ဇန်နဝါရီလ ၂၆ ရက်တွင် သတိပေးစာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေညာချက်တွင် အထူးသဖြင့် ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ၊ ကျောက်မျက်နှင့် သတ္တု လုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေ နှင့် ဆောက်လုပ်ငန်း ကဏ္ဍများ ရင်းနှီးမြှုပ်နှံခြင်းနှင့် လက်နက် တင်သွင်းသည့် လုပ်ငန်းများကို အထူး ရှောင်ကြဉ်ဖို့ သတိပေးထားပါတယ်။ ထိုကြေညာချက်ကလည်း မြန်မာနိုင်ငံတွင် လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းများအဖို့ အလေးအနက် ထည့်သွင်းစဉ်းစားရမယ့်ကိစ္စရပ် ဖြစ်နေပါတယ်။ ထိုကြေညာချက်ကြောင့်လည်း ထွက်ခွာဖို့ ဆုံးဖြတ်ဖြစ်တဲ့ လုပ်ငန်းများ ထပ်ရှိလာနိုင်သလား ဆိုတာ လာမယ့်လများမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 
cna, reuters

တစ်နှစ်တာအတွင်း ထွက်ခွာခဲ့သော ကုမ္ပဏီ ၂၂ ခု 

Investment/Divestment Read 348 times