ပြည်ပနိုင်ငံများမှ ဝယ်ယူဖို့ ကမ်းလှမ်းထားတဲ့ မြန်မာ့ဒန့်သလွန်သီး


26 April, 2019

မြန်မာနိုင်ငံထွက် ဒန့်သလွန်သီးကို ပြည်ပနိုင်ငံများမှ ဝယ်ယူရန် ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ကိုကပြော ဒန့်သလွန်သီးကို ဂျပန်၊ တရုတ်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံများက ဝယ်ယူဖို့ ကမ်းလှမ်းမှုများရှိထားပြီး လက်ရှိမှာ မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်နိုင်မှု နည်းပါးနေသေးတယ်လို့ ၎င်းက ပြောပါတယ်။

"ဝယ်ဖို့က ကမ်းလှမ်းတာတွေရှိတယ်။ ကမ်းလှမ်းသလောက် ဒီဘက်က သေသေချာချာ မထုတ်နိုင်သေးဘူး။ လက်ရှိစိုက်တာက တစ်ပြည်လုံးမှာ ဧက ၂၀ဝ ကျော်လောက်ပဲ ရှိသေးတယ်"လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့ ဒန့်သလွန်အသီးနဲ့ အရွက်တွေကို ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသေးဘဲ နမူနာများအဖြစ်သာ ပြည်ပနိုင်ငံများဆီ ပြသခဲ့ရာ အခုလို ကမ်းလှမ်းမှုများ ရှိလာခြင်းဖြစ်ပါတယ်။ ဦးမြင့်ကိုက ကမ်းလှမ်းမှုများထဲမှာ ဂျပန်နိုင်ငံကို ဇွန်လအတွင်း ပထမဦးဆုံး တင်ပို့နိုင်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဒန့်သလွန်ပင်ကို နေရာမရွေး စိုက်ပျိုးနိုင်ပြီး မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး စတဲ့ အပူပိုင်းဒေသတွေမှာ အများဆုံးထွက်ရှိပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း အရွက်ခြောက် တစ်ကီလိုဂရမ်ကို ကျပ် ၇၀,ဝဝဝ ကျော်အထိ ပေါက်ဈေးရှိနေပြီး အသီးခြောက် တစ်ပိဿာကို ကျပ် ၃၀,ဝဝဝ ကျော် ပေါက်ဈေးရှိကာ ပြည်ပသို့ တင်ပို့ပါက ယင်းဈေးနှုန်းထက် ပိုမိုရရှိနိုင်တယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အခြေစိုက် မြန်မာသံရုံးက မြန်မာနိုင်ငံထွက် ဒန့်သလွန်သီး၊ အရွက်နဲ့ မြင်းခွာရွက်ကို ဂျာမနီနိုင်ငံဆီ တင်ပို့နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဖော်ပြခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးကောင်စီက တာဝန်ရှိသူများကိုလည်း ဒန့်သလွန်အသီး၊ အရွက်တို့ရဲ့ အကျိုးအာနိသင်တွေကို ရှင်းလင်းပြသထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

လက်ရှိ အမေရိကန်နဲ့ ဥရောပဒေသရှိ ဈေးကွက်တွေမှာ ဒန့်သလွန်ရွက်ခြောက်ကို ဆေးစွမ်းအာနိသင်ရှိတဲ့ စားသောက်ကုန်အဖြစ် သုံးစွဲမှုများရှိနေပြီး အာဖရိက ကထွက်တဲ့ ဒန့်သလွန်သီးများကို အသုံးပြုမှု ပိုမိုများပြားကြောင်း ဒန့်သလွန်သီး စိုက်ပျိုးထုတ်လုပ်သူများမှ ပြောပါတယ်။

Myanmar Times

Local News Export, Import Read 1546 times