ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဘီလျံနှင့် ကျောက်ဖြူကြွေးသစ်


13 July, 2018

မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ဒဿမ ၁ ဘီလျံကျော် ရှိတယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ထုတ်ပြန်ကြေညာချက်အရ သိကြရတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက တိုင်းပြည်မှာ ပြည်ပကြွေးမြီ စုစုပေါင်း ဘယ်ရွေ့ဘယ်မျှ ရှိတယ်ဆိုတာ အတိအလင်း မသိခဲ့ကြရဘူး။ အခုဆယ်စုနှစ်မှာတော့ အတိအလင်း ကြေညာပေးခဲ့တာ တွေ့ရပါတယ်။

စိုးရိမ်ရေမှတ်

အခုလို ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဘီလျံကျော် ရှိနေတာအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ စံအရ စိုးရိမ်ရေမှတ်ကို မရောက်သေးပါဘူး။ ယခုလက်ရှိအနေအထားမှာ အကြွေးနဲ့ ဂျီဒီပီ အချိုးဟာ ၁၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက တိုင်းပြည်ရဲ့ ပြည်ပအကြွေးဟာ ဂျီဒီပီရဲ့ ၁၇.၈ ရာခိုင်နှုန်းရှိပြီး ပြည်ပတင်ပို့မှုမှ ဝင်ငွေရဲ့ ၈၄.၈ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ အကြွေး စိုးရိမ်ရေမှတ်ကို မရောက်ပါဘူး။ ပြန်ဆပ်ရမယ့် ကြွေးကျန်က ဂျီဒီပီရဲ့ ၃၀ ရာခိုင်နှုန်း ရှိပြီး ပြည်ပတင်ပို့မှု ဝင်ငွေ ၁၀၀ ရာခိုင်နှုန်း ဖြစ်နေမှသာ စိုးရိမ်ရေမှတ်ကို ရောက်နေပြီလို့ IMF က သတ်မှတ်ထားပါတယ်။

တံတားထိုး ချေးငွေ

အကြွေးစာရင်းမှာ အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ်ကို အမေရိကန်ဒေါ်လာ ၅၅၂.၇၈ သန်း စာရင်း ရှိနေတယ်။ ၂၀၁၆ ခုနှစ်မှာ အေဒီဘီရဲ့ ကြေညာချက်အရ ၂၀၁၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၃၅၀ ထုတ်ချေးသွားမှာဖြစ်ပြီး ချေးငွေတွေကို အခြေခံအဆောက်အအုံ တည်ဆောက်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးတို့အတွက် သုံးစွဲရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ထုတ်ချေးထားတဲ့ ချေးငွေတွေကို မြန်မာနိုင်ငံက ပြန်မဆပ်နိုင်လို့ ရက်လွန်နေတာကြောင့် နောက်ထပ် ငွေထုတ်ချေးဖို့ မဖြစ်နိုင်တော့တာကို ကြုံခဲ့ဖူးတယ်။ ဂျပန်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်။ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၉၆၀ ထုတ်ချေးပေးခဲ့ပြီး အဲဒီချေးငွေနဲ့ ကြွေးပူတွေကို ပေးဆပ်ခဲ့တယ်။ အဲဒီတော့မှ ကမ္ဘာ့ဘဏ်နဲ့ အေဒီဘီတို့က ငွေထုတ်ချေးလို့ ရသွားပြီး ကမ္ဘာဘဏ်က အမေရိကန်ဒေါ်လာ သန်း ၄၄၀ နဲ့ အေဒီဘီက အမေရိကန်ဒေါ်လာ သန်း ၄၄၀ ထုတ်ချေးဖို့ အတည်ပြုပေးခဲ့တယ်။ အဲဒီချေးငွေတွေကို အဓိကအားဖြင့် ဂျပန်နိုင်ငံထံမှ ရယူထားတဲ့ ချေးငွေတွေကို အကြွေးဆပ်ခဲ့တယ်။ အဲဒါကြောင့် ဂျပန်မှ ထုတ်ချေးတဲ့ သန်း ၉၆၀ ဟာ ကမ္ဘာ့ဘဏ်နဲ့ အေဒီဘီတို့ထံမှ ချေးငွေ ရယူဖို့ လမ်းသာသွားအောင် တံတားထိုးပေးတဲ့ ချေးငွေဖြစ်ပါတယ်။

ပါရီကလပ် ကြွေးပယ်ဖျက်ပေးခြင်း

မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် ချေးယူတင်ရှိနေတဲ့ ပေးစရာအကြွေးတွေမှာ ပါရီကလပ်နိုင်ငံအချို့ရဲ့ အကြွေးတွေလည်း ပါပါတယ်။ ပါရီကလပ်မှာ နိုင်ငံအစိုးရ ၁၉ ခု ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ ကြွေးရှင်နိုင်ငံတွေက ဂျာမနီ၊ ပြင်သစ်၊ နော်ဝေး၊ သြစတေးလျနဲ့ ယူကေတို့ ဖြစ်ပါတယ်။ ကြွေးကိစ္စ ပြန်လည်ညှိနှိုင်းပြီး အကြွေးအချို့ကို ပယ်ဖျက်ပေးဖို့ ဖြစ်လာအောင် ကြားဝင်ဆောင်ရွက်ပေးခဲ့တာ ဂျပန်နိုင်ငံ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အကြွေး စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒဿမ ၆ ဘီလျံ တင်နေတာရဲ့ ၆၀ ရာခိုင်နှုန်းကို ကြွေးစာရင်းမှ ပယ်ဖျက်ပေးခဲ့ပြီး ကျန်ရှိတဲ့ ကြွေးတွေကို ချေးငွေ အသစ်အဖြစ် ပြန်လည်သတ်မှတ်ပေးခဲ့ပါတယ်။ အခုလို ၃ ဒဿမ ၇ ဘီလျံ ပယ်ဖျက်တာကို ဂျပန်နိုင်ငံက သီးခြား ကိုယ်ပိုင်အစီအစဉ် ဖြင့် ဆောင်ရွက်တာ ဖြစ်ပါတယ်။

ကြွေးတွေ ပယ်ဖျက်ဖို့ သဘောတူပေးတဲ့ ပါရီကလပ်ဝင် နိုင်ငံတွေက တင်ရှိနေတဲ့ အကြွေးတွေရဲ့ ထက်ဝက်ကို အဆင့်နှစ်ဆင့်ဖြင့် ပယ်ဖျက်ပေးပြီး ကျန်ရှိတဲ့ကြွေးတွေကို ၁၅ နှစ်တာကာလအတွင်း ပေးဆပ်သွားရမှာဖြစ်ပြီး ဆိုင်းငံ့ကာလ ၇ နှစ် ပေးပါတယ်။ အဲဒီလို သဘောတူခဲ့ကြပြီး ကြွေးရှင်တွေထဲမှာ စတုတ္ထအများဆုံးဖြစ်တဲ့ နော်ဝေးနိုင်ငံက ထပ်မံလျော့ပေါ့ ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပေးထားတဲ့ ချေးငွေကို ရာနှုန်းပြည့် ပယ်ဖျက်ပေးဖို့ သဘောတူလိုက်ပါတယ်။ ဒီတော့ ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင်အစီအစဉ်ဖြင့် ပယ်ချက်တာကိုပါ ထည့်ပေါင်းလိုက်ရင် တင်နေတဲ့အကြွေး အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၃ ဘီလျံမှာ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၉ ဘီလျံ သက်သာသွား တာမို့ ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်း ကြွေးကင်းသွားတာ ဖြစ်ပါတယ်။

အခုလို ကြွေးစာရင်း ပယ်ဖျက်ပေးတာတွေကြောင့် ပြည်ပကြွေးမြီ ၄၀ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး အကြွေးပမာဏ ၉ ဒဿမ ၄ ဘီလျံ ဖြစ်သွားပါတယ်။ စီးပွားရေး ပိတ်ဆို့ခံထားရစဉ် ငွေထုတ်ချေးပေးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ချေးငွေဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၁၃ ဘီလျံအထိ ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံက ယခုလို ကြွေးစာရင်း ပယ်ဖျက်တာကို လုပ်ဆောင်လေ့ မရှိတာကြောင့် ယခုအခါ ချေးငွေ အများဆုံး နိုင်ငံ ဖြစ်နေတာ တွေ့ရပါတယ်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ ထုတ်ပြန်ချက်အရ ပြည်ပကြွေးမြီ ၉ ဒဿမ ၁ ဘီလျံ ရှိနေပြီး ထက်ဝက်ကျော်ဟာ တရုတ်ချေးငွေ ဖြစ်ပါတယ်။

လက်ရှိကြွေးရှင်များ

နောက်ကြောင်း ပြန်ကြည့်လိုက်တဲ့အခါ လက်ရှိအကြွေးတွေမှာ အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂၇ ဘီလျံဟာ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတည်းက တင်ရှိနေတဲ့ ကြွေးတွေ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နောက်ထပ်ချေးငွေ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ဘီလျံ တိုးခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံ ထပ်တိုးခဲ့ပါတယ်။

ချေးငွေ အများဆုံး ထုတ်ချေးပေးထားတာ တရုတ်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒဿမ ၈ ဘီလျံကျော် ရှိပါတယ်။ ဒုတိယ အများဆုံးက ဂျပန်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၁ ဘီလျံ ရှိပါတယ်။

ဝန်ကြီးဌာနအလိုက် သုံးစွဲမှု

ချေးငွေတွေကို ရယူသုံးစွဲတဲ့ ဝန်ကြီးဌာနတွေမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာက အများဆုံး ဖြစ်ပြီး ၃၂ ဒဿမ ၅ ရာခိုင်နှုန်း ရှိပါတယ်။ အနည်းဆုံးက ကာကွယ်ရေးဝန်ကြီးဌာနဖြစ်ပြီး ၂ ဒဿမ ၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)မှ ချေးငွေ သုံးစွဲမှု မြင့်မားကြောင်း မြန်မာတိုင်း(မ်)ရဲ့ သတင်းတစ်ပုဒ်မှာ ဖတ်ရှုရပါတယ်။

တရုတ်နိုင်ငံမှ အများဆုံး ရယူထားတာဖြစ်ပြီး အတိုးနှုန်းက တစ်နှစ်လျှင် ၄ ဒဿမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယခုလို တရုတ်နိုင်ငံမှ ချေးငွေများရယူ၍ စီမံကိန်းများအကောင်အထည်ဖော် သုံးစွဲရာတွင် အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၈၅ဝ ကျော်၊ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းအတွက် ဒေါ်လာသန်း ၅၆ဝ ခန့်၊့ ရတနာ−ရန်ကုန် ၂၄ လက်မ ပိုက်လိုင်းစီမံကိန်းအတွက် ဒေါ်လာ ၂၄၃ သန်းကျော်နှင့် ကုန်းတွင်းရေနံရှာဖွေရေးလုပ်ငန်းစီမံကိန်းတွင် အသုံးပြုရန် ဒေါ်လာ သန်း ၈ဝ ကျော်ချေးထားကြောင်း MOGE ၏ တရားဝင်ကြွေးမြီစာရင်းဇယားများတွင် ဖော်ပြထားတယ်လို့ အဆိုပါသတင်းမှာ ရေးသားထားပါတယ်။

ကျောက်ဖြူကြွေးသစ်

ကျောက်ဖြူမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ကုန်ကျမယ်လို့ တရုတ်နိုင်ငံက ဆိုထားတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ နောက်ထပ်ရောက်ရှိလာမယ့် ကြွေးသစ်အကြီးစားတစ်ခုအဖြစ် စိုးရိမ်ပူပန်မှုများ ရှိနေပါတယ်။

Nikkei Asia Review စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနဲ့ မေးမြန်းထားတာကို သတင်းဖော်ပြထားတာမှာတော့ အဲဒီ အထူးစီးပွားရေးဇုန် စီမံကိန်း၏ အတိုင်းအတာကို လျှော့ချဖို့ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ကြွေးသစ် တိုးလာမယ့် ကျောက်ဖြူစီမံကိန်းအတွက် လွန်ခဲ့သော ၃ နှစ်က တင်ဒါအောင်မြင်ခဲ့တဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီ CITIC Group က စီမံကိန်း၏ ရှယ်ယာ ၇၀ ရာ ခိုင်နှုန်းကို ရယူရန် အဆိုပြုပါတယ်။ ကျန်တဲ့ ရှယ်ယာကို မြန်မာအစိုးရနှင့် ပြည်တွင်း ကုမ္ပဏီများ ပါဝင်သည့် အုပ်စုတစ်ခုတို့က ရရှိမှာ ဖြစ်ပါတယ်။ CITIC က စီးပွားရေးဇုန်ကို ၇၅ နှစ် လုပ်ကိုင်မှာ ဖြစ်ပြီး မြန်မာ၏ ရှယ်ယာကို ထည့်ဝင်ပေးမှာ ဖြစ်ပေမဲ့ မြန်မာ အစိုးရက တရုတ် သွင်းကုန်-ထုတ်ကုန် ဘဏ် (Export-Import Bank of China) မှ ဒေါ်လာ ၂ ဘီလီယံမှ ၃ ဘီလီယံအတွင်း ချေးယူရမှာ ဖြစ်ပါတယ်။

Myanmar Industrial Directory

Local News Read 3613 times