နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရေးဆိုင်ရာ အသိပေးကြေညာချက် ထုတ်ပြန်


16 July, 2020

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေးဆိုင်ရာ အသိပေးကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့သည်။

ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ 

၁။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲရန်အတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် လည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင်လည်း ကောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခဲ့ပါသည်။

၂။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ (က) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

၃။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အား အများပြည်သူလေ့လာနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website တွင် ယင်းဥပဒေနှင့်စည်းမျဉ်းများ ပြဌာန်း/ထုတ်ပြန်ပြီးချိန်မှစ၍ ဖော်ပြထားပြီးဖြစ် ပါသည်။

၄။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ ပါ ပြဌာန်းချက်များအရ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား နိုင်ငံခြားငွေ ငွေသား၊ ပေးချေမှုစာချုပ်စာတမ်းများနှင့် ငွေချေးသက်သေခံ လက်မှတ်များအား လက်ရောက်လွှဲပြောင်းခြင်းမှ အပ နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့် လွှဲပြောင်းမှုများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင် ရရှိ သူများမှတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန်ပျက် ကွက်ခြင်း မရှိစေရ” ဟု ပြဌာန်းထားပါသည်။

၅။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-

“နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်အမှန်တကယ်တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့ သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ ခြောက်လအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေ များ လက်ခံရရှိခြင်း ရှိ/ မရှိ ကို စိစစ်ရမည်။”

၆။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၆ တွင် အောက်ပါအတိုင်းဖော်ပြထားပါသည်-

“နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပို့ကုန်ရငွေများ လက်ခံရရှိခြင်း ရှိ/မရှိကို အောက်ပါတို့ဖြင့် စိစစ်စစ်ဆေးရမည်-

(က) ကုန်စည်တင်ပို့သူ၏ မှန်ကန်ကြောင်း အတည်ပြုထားသည့် အမှန်တကယ်တင်ပို့သည့် ကုန်စည်တန်ဖိုးနှင့် ကုန်စည် တင်ပို့သည့်အချိန်ကာလပါ ပို့ကုန်တင်ပို့သူက တင်ပြသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်၊

(ခ) ပို့ကုန်ရငွေ လက်ခံရရှိရမည့်ရက်စွဲ။”

၇။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၇ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-

“နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည်-

(က) ပို့ကုန်တင်ပို့သူများထံမှ ယင်းတို့တင်ပို့သည့် ကုန်စည်တန်ဖိုးနှင့် အချိန်ကာလမှန်ကန်ကြောင်းကို အကောက်ခွန်ဦးစီး ဌာနက အတည်ပြုထားသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်ကို တောင်းယူရမည်၊

(ခ) မိမိခွင့်ပြုခဲ့သည့် နိုင်ငံခြားငွေလွှဲပြောင်းလက်ခံမှု မှန်/မမှန်ကို အကောက်ခွန်ဦးစီးဌာနက အတည်ပြုထားသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်မူရင်းနှင့် အမှန်တကယ်လက်ခံရရှိသည့် ပို့ကုန်ရငွေများဖြင့် တိုက်ဆိုင်စိစစ်ရမည်။”

၈။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျည်း အပိုဒ် ၃၈ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-

“နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ကုန်စည်တင်ပို့သူက သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေများ လက်ခံရရှိခြင်းမရှိသည့် ကုန်စည်တင်ပို့သည့် ကြေညာချက်အား စစ်ဆေးသုံးသပ်ချက်နှင့်အတူ ဗဟိုဘဏ်သို့ ဆောလျင်စွာ အစီရင်ခံတင်ပြရမည်။”

၉။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၉ တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-

“ဗဟိုဘဏ်၏ ခွင့်ပြုကာလကုန်ဆုံးသည်အထိ ပို့ကုန်ရငွေများ လက်ခံရရှိခြင်းမရှိသည့် ကုန်စည်တင်ပို့သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆက်လက်စိစစ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဗဟိုဘဏ်သို့ပေးပို့ရန်၊ ဗဟိုဘဏ်သည် သက်ဆိုင်ရာအစိုးရဌာနများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသို့ အမှုတွဲအားလွှဲပြောင်းပေးပို့ရမည်။”

၁၀။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့အား ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် အောက်ပါ Link များတွင် လေ့လာနိုင်ပါသည်-

 (က) https://www.cbm.gov.mm/sites/default/files/feml-revised.pdf

နေပြည်တော်၊ ဇူလိုင် (၁၅)

Banking & Loan Read 1592 times