ပြည်ပတင်ပို့မှု တိုးတက်လာတဲ့ စားဖိုဆောင်သီးနှံများ


08 April, 2019

ယခုနှစ်အတွင်း စားဖိုဆောင်သီးနှံများ ပြည်ပတင်ပို့မှုဟာ အရင်နှစ်များနဲ့ နှိုင်းယှဉ်ပါက တိုးမြှင့်တင်ပို့လာနိုင်ပါတယ်။ လက်ရှိမှာ ဒေသထွက် ချင်း (ဂျင်း) တင်ပို့မှု မြင့်တက်နေသလို ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့ကို တင်ပို့ထားနိုင်ပါတယ်။

ဒီထဲကမှ ကြက်သွန်နီကို မူဆယ်နယ်စပ်မှ တရုတ်သို့လည်းကောင်း၊ ထိုင်းနယ်စပ် မြဝတီမှလည်းကောင်း၊ ကြက်သွန်ဖြူကို တမူးနယ်စပ်မှ အိန္ဒိယသို့လည်းကောင်း၊ ချင်း ( ဂျင်း ) ကို ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားသို့လည်းကောင်း၊ နနွင်းကို ပင်လယ်ရေကြောင်းမှ အိန္ဒိယနှင့် ယီမင်နိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့နေပါတယ်။

အောင်ပန်းစားဖိုဆောင်သီးနှံများ ရောင်းဝယ်ရေးလုပ်ငန်းမှ မန်နေဂျာ ကိုစိုင်းရဲလွင်က စားဖိုဆောင်သီးနှံတွေထဲမှာ ချင်း ( ဂျင်း ) က ဈေးကွက်အလှုပ်ဆုံးဘဲ။ တန်ချိန်နဲ့ဆိုရင်လည်း တစ်ပတ်ကို တန် ၉၈၀ လောက်အထိ ပို့လာနိုင်တယ်။ အပတ်စဉ်နှိုင်းယှဉ်မယ်ဆိုရင် တန် ၃၀၀ ကျော်လောက် ပိုပြီးပို့လာနိုင်တာ တွေ့ရတယ် လို့ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းထွက် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသအလိုက် အရည်အသွေးအနည်းငယ်ကွာခြားပြီး ကလောဒေသမှထွက်တဲ့ ချင်း ( ဂျင်း ) ကကျစ်၍ အသားမာပြီး အနံ့ပိုပြင်းပါတယ်။ မြေပြန့်ဒေသပေါက်တဲ့ ချင်း ( ဂျင်း ) က ကြီးမား၍ အသားပွပြီး အနံ့မပြင်းတာကြောင့် ပြည်ပကြိုက်နှစ်သက်မှုနည်းပါးပါတယ်။

စားဖိုဆောင်သီးနှံအများစုကို ဆောင်းသီးနှံအဖြစ် အများဆုံးစိုက်ပြီး ထွက်ရှိချိန်မှာ ဈေးကွက်ခိုင်မာမှု အားနည်းခြင်းဟာ တောင်သူများဈေးရရှိမှုကို အားနည်းစေပါတယ်။ ဒါ့ကြေင့် စိုက်စနစ်၊ ဈေးကွက်နဲ့ သတင်းအချက်အလက်ဆိုင်ရာများ ရရှိဖို့လိုအပ်နေပါတယ်။

ဒါ့ပြင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရာမှာ ရာသီဥတု၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း၊ သွင်းအားစုကုန်ကျစရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်းမျိုးသန့်ရရှိဖို့ အားနည်းခြင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်မှုနည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေးစနစ်များ အားနည်းနေခြင်း၊ ရိတ်သိမ်းမှုစနစ်နဲ့ ထုတ်လုပ်မှုစနစ်များ နောက်ကျန်နေခြင်း စတဲ့ လိုအပ်ချက်များစွာ၊ ပြုပြင်ပြောင်းလဲရန် စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။

မြန်မာ့ လယ်ယာထွက်ကုန်များထဲမှ စားဖိုဆောင်သီးနှံများ တိုးတက်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်၊ GSP ပေးနိုင်မယ့် ဈေးကွက်သစ်နိုင်ငံများရရှိရန် ကုန်သွယ်ဖက်နိုင်ငံအလိုက် စီးပွားရေးသံမှူးများ စေလွှတ်ပြီး နိုင်ငံအလိုက် ဈေးကွက်ဆိုင်ရာ ပြောင်းလဲချက်များကို အချိန်နဲ့ တပြေးညီ သိရှိစေဖို့ ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်များအတွက် သြစတြေးလျ၊ ဘီလာရု၊ ရုရှား၊ ကနေဒါ၊ ဆွစ်ဇာလန်၊ အိုက်စလန်၊ တူရကီ၊ ဂျပန်၊ အမေရိကန် စတဲ့ ၂၈ နိုင်ငံအပါအဝင် စုစုပေါင်း ၃၉ နိုင်ငံမှ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးပေးထားပြီးဖြစ်သော်လည်း အီးယူမှ မြန်မာကိုပေးထားတဲ့ တချို့သော ထုတ်ကုန်များကို GSP ပြန်ရုပ်သိမ်းဖို့ စီစဉ်လျက်ရှိနေပါတယ်။

The Farmer Myanmar

Export, Import Read 521 times