နိုင်ငံခြားအာမခံများ ဈေးကွက်အတွင်း မြင်တွေ့ရတော့မည်


10 January, 2019

နိုင်ငံခြားအာမခံကုမ္ပဏီများကို ပြည်တွင်းအာမခံဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်ခွင့်ပြုလိုက်သည်ဆိုသော ကြေညာချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။အာမခံလုပ်ငန်းနယ်ပယ်အတွင်း နိုင်ငံခြားအာမခံကုမ္ပဏီများကို ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည့်ကိစ္စသည် စီးပွားရေးနယ်ပယ်အတွင်း ပြောဆိုမှုများပြားခဲ့သော အကြောင်းအရာတစ်ခုလည်း ဖြစ်သည်။ယခင်က အာမခံလုပ်ငန်းများကို နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းတစ်ခုတည်းက လုပ်ကိုင်ခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုကို လုပ်ကိုင်ရန် အစိုးရက ခွင့်ပြုခဲ့သည်။ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီများကို ခွင့်ပြုပြီး ခြောက်နှစ်ကျော်အကြာ ယခုနှစ်ရောက်မှသာ နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ အသက်အာမခံလုပ်ငန်းကို နိုင်ငံခြားအာမခံကုမ္ပဏီက ရာခိုင်နှုန်းပြည့် ဆောင်ရွက်မှုဖြင့်သော်လည်းကောင်း၊ ဖက်စပ်ဆောင်ရွက်မှုဖြင့်သော်လည်ကောင်း နည်းလမ်းနှစ်မျိုးဖြင့် လုပ်ကိုင်ခွင့်ပြုသည်။ အသက်အာမခံလုပ်ငန်းကို နိုင်ငံခြား အာမခံကုမ္ပဏီက ရာနှုန်းပြည့် ဆောင်ရွက်မည်ဆိုပါက ပြည်တွင်း၌ အာမခံ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားပြီးဖြစ်သော နိုင်ငံခြားအာမခံကုမ္ပဏီများအပြင် ရုံးခွဲဖွင့်လှစ်ထားခြင်းမရှိသော နိုင်ငံခြားအာမခံကုမ္ပဏီများလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဖက်စပ်ဆောင်ရွက်မည်ဆိုပါမူ နိုင်ငံအတွင်း အာမခံကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံခြားအာမခံကုမ္ပဏီသာလျှင် ပြည်တွင်းအသက် အာမခံကုမ္ပဏီနှင့် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

အထွေထွေအာမခံလုပ်ငန်းကိုမူ ဖက်စပ်ဆောင်ရွက်မှုတစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားပြီးဖြစ်သော နိုင်ငံခြားအာမခံကုမ္ပဏီသာလျှင် ပြည်တွင်းအထွေထွေအာမခံကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုမည်ဖြစ်သည်။လက်ရှိအချိန်တွင် နိုင်ငံအတွင်း အသက်အာမခံထားရှိမှုသည် နိမ့်ကျလျက်ရှိသည့်အတွက် အသက်အာမခံအမျိုးအစားကို နိုင်ငံခြားအာမခံကုမ္ပဏီများသို့ ရာနှုန်းပြည့်ဆောင်ရွက်ခွင့်ပေးခြင်းဖြစ်ပြီး အထွေထွေ အာမခံအမျိုးအစားကိုမူ ဈေးကွက်ဖွံ့ဖြိုးမှု အဟန့်အတားမဖြစ်စေရန် ရည်ရွယ်၍ ဖက်စပ်ဆောင်ရွက်ခွင့်သာ ပေးခြင်းဖြစ်သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ပြောသည်။

လုပ်ငန်းဆောင်ရွက်ရေးအတွက် စိတ်ဝင်စားမှုရှိသည့် ပြည်တွင်းနှင့် နိုင်ငံခြားအာမခံကုမ္ပဏီများကို လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာ (EOI) နှင့် အဆိုပြုလျှောက်လွှာ (RFP) တို့ကို တင်သွင်းရန် ဖိတ်ခေါ်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကြေညာထားသည်''နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု ဦးဇော်နိုင်က မြန်မာတိုင်း (မ်)ကို ပြောသည်။စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်လိုမှု ဆန္ဒပြုလွှာ (EOI) နှင့် အဆိုပြုလျှောက်လွှာ (RFP) တို့ကို ပြုစုရေးသားဆဲဖြစ်ပြီး မကြာမီထွက်ရှိလာမည်ဟု ဆိုသည်။ ထို့ပြင် နိုင်ငံခြားနှင့် ပြည်တွင်း အာမခံလုပ်ငန်းဖက်စပ်ဆောင်ရွက်နိုင်သည့်အတွက် ပိုင်ဆိုင်မှုအချိုးအစားနှင့် ဈေးကွက်အတွင်းနိုင်ငံခြားအာမခံကုမ္ပဏီအရေအတွက် မည်မျှကိုသာ ခွင့်ပြုမည်ဆိုသော အချက်အလက်တို့ မကြာမီ ထွက်ရှိလာမည်ဖြစ်ကြောင်း ဦးဇော်နိုင်က ပြောသည်။

ပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံခြားအာမခံကုမ္ပဏီများကို ဝင်ရောက်ခွင့်ပြုခြင်းက အကျိုးရလဒ်များ ရှိစေမည်ဖြစ်သော်လည်း တစ်ဖက်တွင် ပြည်တွင်းအာမခံလုပ်ငန်း အသိုင်းအဝိုင်းကြား စိုးရိမ်မှုအချို့လည်း ရှိနေသည်။ ''ကောင်းတာပြောရရင် တိုင်းပြည်အတွက်ရော၊ ပြည်သူအတွက်ရော၊ စီးပွားရေးအတွက်ပါဆိုရင်တော့ ကောင်းပါတယ်လို့ ပြောချင်တယ်။ ဈေးကွက်ကလည်းအများကြီး လျင်မြန်ဖွံ့ဖြိုးတိုးတက်လာဖို့ ရှိပါတယ်။ တစ်ဖက်မှာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့တော့ စိန်ခေါ်မှုတွေ ပိုများတာပေါ့။ အင်အားကြီးတဲ့သူတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ စိုးရိမ်မှုတွေ ရှိကြတာပေါ့။ မကျေနပ်နေလို့တော့ မရဘူးပေါ့။ ကြိုးစားရမှာပေါ့''ဟု မြန်မာနိုင်ငံ အာမခံအသင်း အတွင်းရေးမှူး ဦးသောင်းဟန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြည်တွင်းဈေးကွက်သို့ နိုင်ငံခြားအာမခံလုပ်ငန်းများ ခြေချလာရာတွင် အထွေထွေအာမခံလုပ်ငန်း အမျိုးအစားကို ဆောင်ရွက်လိုပါက ပြည်တွင်းအထွေထွေအာမခံလုပ်ငန်းများနှင့် မဖြစ်မနေ ဖက်စပ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ခြင်းနှင့် အသက်အာမခံလုပ်ငန်းတွင်လည်း ဖက်စပ်ဆောင်ရွက်ခွင့်ရှိနေခြင်းတို့ကြောင့် ပြည်တွင်းအာမခံကုမ္ပဏီအချို့က နိုင်ငံခြားအာမခံကုမ္ပဏီများနှင့် ပူးပေါင်းလိုသောဆန္ဒများလည်း ရှိနေကြသည်။

''ဖက်စပ်လုပ်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင်လည်း လုပ်နေတယ်။ တခြားကုမ္ပဏီ သုံး၊ လေးခုလောက်ကလည်း ဖက်စပ်လုပ်ဖို့ ပြင်ဆင်ထားပြီးပြီ။ အနည်းဆုံး အထွေထွေရော၊ အသက်ရော ဖက်စပ်အာမခံအနေနဲ့ အနည်းဆုံး ခြောက်ခုကနေ ရှစ်ခုလောက်အထိ ထွက်လာနိုင်တယ်''ဟု CB Insurance အုပ်ချုပ်မှုဒါရိုက်တာလည်းဖြစ်သူ ဦးသောင်းဟန်က ပြောသည်။၂ဝ၁၈−၁၉ ဘဏ္ဍာနှစ် (၂ဝ၁၈ အောက်တိုဘာမှ ၂ဝ၁၉ စက်တင်ဘာအထိ) အတွင်း နိုင်ငံခြား အာမခံကုမ္ပဏီများကို ပြည်တွင်းအာမခံဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည့် လုပ်ငန်းစဉ်တစ်ခုလုံး ပြီးပြတ်အောင် ဆောင်ရွက်သွားမည်ဟု ဦးဇော်နိုင်က ပြောသည်။

 ''လာမယ့် ဘဏ္ဍာနှစ်ထဲမှာတော့ နိုင်ငံခြားအာမခံလုပ်ငန်းတွေကို ပြည်တွင်းအာမခံဈေးကွက်ထဲမှာ မြင်တွေ့ခွင့်ရမှာပါ'' ဟု ဦးဇော်နိုင်က ပြောသည်။လက်ရှိတွင် နိုင်ငံ့လူဦးရေ သန်း ၅ဝ ကျော်တွင် လူဦးရေ နှစ်သန်းခန့်သာ အာမခံထားရှိမှု ရှိသေးသည့်အတွက် ကောင်းမွန်သော ဈေးကွက်အလားအလာရှိခြင်းကြောင့် နိုင်ငံခြား အာမခံလုပ်ငန်းများသည် စိတ်ဝင်စားမှု များပြားလျက်ရှိသည်ဟု မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဦးက ဒီဇင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် အာမခံဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံး ၃၂ ခု ရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး စင်ကာပူက အာမခံလုပ်ငန်း ကိုးခု၊ ဂျပန်က အာမခံလုပ်ငန်း ခြောက်ခု၊ ထိုင်းက အာမခံလုပ်ငန်း လေးခု၊ အမေရိကန်မှ အာမခံလုပ်ငန်း နှစ်ခု၊ ဟောင်ကောင်က အာမခံလုပ်ငန်း နှစ်ခု၊ ပြင်သစ်၊ ယူကေ၊ မလေးရှား၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမနီ၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အာမခံလုပ်ငန်း တစ်ခုစီတို့ဖြစ်သည်။

လက်ရှိ အာမခံဈေးကွက်တွင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းအပြင်ပြည်တွင်းပုဂ္ဂလိကအာမခံ လုပ်ငန်းများဖြစ်သော Excellent FortuneInsurance၊ အောင်မြင့်မိုရ်မင်းအာမခံ၊ အောင်သစ္စာဦးအာမခံ၊ Capital Life Insurance၊ ဧရာမြန်မာအာမခံ၊ First National Insurance၊ CB Insurance ၊ IKBZ Insurance ၊ Grand Guardian Insurance ၊ Global World Insurance နှင့် Young Insurance တို့ လုပ်ကိုင်လျက်ရှိကြသည်။

Myanmar Time

Local News Read 471 times