နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူသုံးလနှင့် နှိုင်းယှဉ်ပါက ထက်ဝက်အောက်ကျ


26 June, 2018

မြန်မာနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုရှိသော်လည်း နိုင်ငံရေးအခြေအနေများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူသုံးလနှင့် နှိုင်းယှဉ်ပါက ထက်ဝက်အောက်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

၂၀၁၈-၁၉ ကြားကာလ ဘတ်ဂျက် ဧပြီမှ ဇွန်လအထိ သုံးလအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၃၄ သန်းရှိပြီး ယခင်နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၇၆၀ ကျော် လျော့နည်းခဲ့ကြောင်း သိရပါသည်။

ယခင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ သုံးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၁,၃၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။

ရခိုင်အရေးကြောင့် ဥရောပ နိုင်ငံများက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်နေသည့်အဆင့်တွင်ရှိနေကြောင်း ၎င်းကပြောခဲ့ပါသည်။

ထို့အပြင် လက်တွေ့လုပ်ကိုင်ရန် စောင့်ကြည့်နေသော်လည်း လာရောက်စုံစမ်းသည့် နိုင်ငံများစွာရှိသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရန် စိတ်ဝင်စားနေသည့် နိုင်ငံများ၌ အာဆီယံ၊ အာရှနိုင်ငံများက အများဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြခဲ့ပါသည်။

၂၀၁၈ ကြားကာလ ဘတ်ဂျက်ခြောက်လအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ် လာ သုံးဘီလီယံရှိမည်ဟု ခန့်မှန်းထားသည်။

သို့သော် သုံးလကြာ မြင့်ချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သန်း ၅၃၀ ကျော်သာ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။

လက်ရှိအစိုးရသည် စီးပွားရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသော်လည်း နိုင်ငံရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အလမ်းရရှိနိုင်မှု အခြေအနေအပေါ် ယုံကြည်မှုနည်းခြင်းကြောင့် လာရောက်ရင်းနှီးရန်နှေင့်နှေးနေခြင်းဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

 7 Day Daily

Investment/Divestment Read 528 times