လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၈၀ ရာခိုင်နှုန်းခွင့်ပြုထားသော်လည်း ဝင်ရောက်မှုနှေး


17 August, 2018

လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၈၀ ရာခိုင်နှုန်းအထိ ခွင့်ပြုထားသော်လည်း ဝင်ရောက်မှုနှေးကွေးနေကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

" ကျွန်တော်တို့အနေနဲ့ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းတွေရရှိဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၈၀ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားပါတယ်။ ဒါပေမယ့် လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဆိုတာက ရာသီဥတုအနေအထားတွေ မြေအသုံးချမှုဆိုင်ရာတွေ ဥပဒေတွေနဲ့ သေချာစိစစ်လုပ်ရတာဖြစ်တဲ့အတွက် လာမယ်ဆိုပေမဲ့ နှေးနေသေးပါတယ်" ဟု ဦးသန်းအောင်ကျော်က ပြောပါသည်။

လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ကြံစိုက်ပျိုးရေးလုပ်ငန်းများ၊ ဆန်စက်လုပ်ငန်းများကို ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ပေးထားပြီး မျိုးစေ့ထုတ်လုပ်ခြင်းကဲ့သို့ လုပ်ငးန်များတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုကို ၁၀၀ ရာခိုင်နှုန်းခွင့်ပြုပေးထားခြင်းဖြစ်ကာ ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မည်ဆိုပါက ယင်းနိုင်ငံ၏ အနေအထား၊ သီးနှံများ၏ အာမခံကိစ္စများ၊ မြေယာကိစ္စ၊ ရာသီဥတုအခြေအနေ စသည်တို့ကို ကြည့်ရှု၍ လုပ်ကိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

" ဒီနိုင်ငံအနေနဲ့ ဘာတွေဖိတ်ခေါ်ထားလဲဆိုတော့ လယ်ယာကဏ္ဍမှာဆိုတာထက် မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေကို ကုန်ချောထုတ်ပြီးတော့ ထုတ်နိုင်ဖို့ အဲ့ဒါကို မျှော်မှန်းပါတယ်။ ကြံစိုက်ပျိုးတဲ့လုပ်ငန်းတွေမှာ ဂရိတ်ဝေါက အကြီးအကျယ်လုပ်ဖို့ရှိတယ်။ နောက်တစ်ခါ အော်စကိုနဲ့ ဆန်စက်လုပ်ငန်းမှာ လုပ်ဖို့အတွက် မြောင်းမြ၊တွံတေး၊ အဲ့လိုနေရာတွေမှာလည်း အလားလာတော့ရှိတယ်" ဟု ဦးသန်းအောင်ကျော်က ပြောသည်။

ထို့ပြင် တောင်သူလယ်သမားများနှင့်လည်း ကန်ထရိုက်လယ်ယာစနစ်လုပ်ဆောင်ရန်အတွက် မြန်မာနိုင်ငံတွင် ယင်းစနစ်နှင့်ပတ်သက်သည့် မူဝါဒ၊ လုပ်ထုံး၊ လုပ်နည်းအပြင် စည်းမျဉ်း၊ စည်းကမ်းများလည်း လိုအပ်ကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။

ယခင်က လယ်ယာကဏ္ဍတွင် ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးသည့်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၅၁ ရာခိုင်နှုန်း ဖက်စပ်လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်း၊ နိုင်ငံသား ၂၀ ရာခိုင်နှုန်းအထိ ဖက်စပ်လုပ်ကိုင်ခွင့်ကို ဖြေလျှော့ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၁၉၉၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လယ်ယာကဏ္ဍ၌ နိုင်ငံခြားသားနှင့် နိုင်ငံသားဖက်စပ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုစုပေါင်း ၂၃ ခု ခွင့်ပြုပေးခဲ့ကာ ယင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး စသည်တို့၌ လုပ်ကိုင်လျက်ရှိပြီး စင်ကာပူ၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ကိုရီးယား၊ မလေးရှားစသည့် နိုင်ငံများမှ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရပါသည်။

 news watch

Investment/Divestment Read 485 times