မြန်မာနိုင်ငံမှ စီးပွားရေးဦးဆောင်သူများအကြားတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့မှ လာလတ္တံသော ရင်းနှီးမြှုပ်နှံမှုကို ခနဲ့တဲ့တဲ့ အတိုကောက် NATO ဟု သိထားကြသည်။ “No Action, Talk Only” ဟု ဆိုလိုသည်။
အရှေ့တောင်အာရှ၏ ကြီးထွားမှု အမြန်ဆန်ဆုံး စီးပွားရေးတစ်ရပ်ဖြစ်သော မြန်မာ့စီးပွားရေးသည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ် ငါးခု ရှိခဲ့ရာမှ ဒီမိုကရေစီသို့ ကူးပြောင်းမှု စတင်ခဲ့ပြီး လူသူအများက ရွေးကောက်တင်မြောက်သော အစိုးရ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် မတ်လတွင် အစိုးရသစ် တက်ခဲ့သည်။
အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံသူများက “စောင့်ကြည့်”လုပ်နည်းကိုင်ဟန်ကို ခံယူကျင့်သုံးခဲ့ကြသည်။
၂၀၁၈ ခုနှစ်တွင် ရခိုင်အရေးအခင်း ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခံနေရသည်မှာ ယမန်နှစ် သြဂုတ်လကတည်းက ဖြစ်သည်။ အနောက်တိုင်းမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှု ရင်ဆိုင်သွားခြင်း မဟုတ်၊ ဘယ်တုန်းကမှ ရောက်မလာခဲ့ခြင်းသာ ဖြစ်သည်ဟုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အထူးအတိုင်ပင်ခံပုဂ္ဂိုလ် Sean Turnell က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ပေးသော အချက်အလက်များအရ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာနိုင်ငံသည် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ ၃၀ ကျော်မျှသာ ဆွဲငင်ခဲ့သည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများတွင် ထိပ်ဆုံး၌ စင်ကာပူ ရောက်နေပြီး ၎င်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၅ ဘီလျံ ရှိသည်။
ထို့နောက်တွင် တရုတ်နှင့် ဟောင်ကောင်တို့က အမေရိကန်ဒေါ်လာ ၇ ဒဿမ ၁ ဘီလျံ ရှိသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံမှ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆ ဘီလျံ ရှိသည်။
အခြေအနေသည် လာမည့်ရွေးကောက်ပွဲ ၂၀၂၀ ခုနှစ်မတိုင်ခင် ကောင်းမွန်လာဖွယ်ရာ မရှိချေ။ အစိုးရသည် ဆိုးဝါးသော ပြည်တွင်းစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ရေရှည်တည်တံ့သော စီးပွားရေးကြီးထွာမှုကို ထောက်ပံ့မည့် အခြေခံအဆောက်အအုံ အခြေအမြစ်ကို တည်ဆောက်နေရသည်။
ဘဏ်စနစ်ကို ၂၁ ရာစုသို့ ခေါ်ဆောင်နေရသည်။ တိုင်းရင်းသားလူမျိုးများ ပဋိပက္ခ အများအပြားကို ဖြေရှင်းဖို့ ကြိုးပမ်းနေသည်။ ၎င်းပဋိပက္ခများသည် တိုင်းပြည်၏ နေရာဒေသအချို့တို့တွင် အုပ်ချုပ်၍ မရနိုင်လုနီးပါး ဖြစ်အောင် ပြုနေသည်။
လူအားလုံးနီးပါးတို့သည် သူတို့၏ နေ့စဉ်ဘဝတွင် ခိုင်လုံသော ပြောင်းလဲမှု၊ တိုးတက်ကောင်းမွန်မှုကို မရကြခြင်းသည် အကြီးမားဆုံး ပြဿနာ ဖြစ်သည်ဟု ယခင်အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ခဲ့သူ ဦးခင်မောင်ညိုက ပြောပါသည်။
သူက ယခုအခါ နိုင်ငံရေး ဆန်းစစ်သူတစ်ဦး ဖြစ်ပြီး တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ “သာမန်လူတွေမှာ မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနေတယ်”
ဒုတိယလှိုင်း
*******
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့မှ မှတ်ချက်ပြုသည်မှာ မြန်မာ့စီးပွားရေးသည် ချည့်နဲ့သော စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုများထံမှ အကောင်းဘက်သို့ ဦးပြန်လှည့်လာခဲ့သည်။
ကာလတိုမှန်းဆကြည့်လျှင် ဆက်လက်သာယာနေမည်။ စီးပွားရေးဆိုင်ရာ ဖြေလျော့ပေးခြင်း စစချင်းအဆစ်အပိုင်းမှာ အထင်ကြီးလောက်သော ကြီးထွားမှု စတင်တာထွက်ခဲ့သည်။
ဆင်းရဲမွဲတေမှု လျော့ကျသည်။ ယခု ပြုပြင်ပြောင်းလဲခြင်း ဒုတိယလှိုင်းသည် အဟုန်ဆက်လက်တည်တံ့ဖို့ လိုအပ်နေသည်ဟု ၎င်း၏ နိုဝင်ဘာလ၌ ထုတ်ပြန်ခဲ့သည် အစီရင်ခံစာတွင် ဆိုထားသည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ထံမှ ရင်းနှီးမြှုပ်နှံမှု အလိုပြနေသော်လည်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် စင်ကာပူတို့မှ သန်မာသော ငွေလုံးငွေရင်း ငွေအရင်းအနှီး စီးဝင်သဖြင့် မြန်မာသည် အရှေ့တောင်အာရှတွင် ဆောင်ရွက်မှု အသန်မာဆုံး စီးပွားရေးများတွင် တစ်ခုအပါအဝင် ဖြစ်နေစေသည်။
ပြီးခဲ့သည့်နှစ်က အဆင့်တက်ခဲ့ပြီး ဂျီဒီပီ ၆ ဒဿမ ၄ ရာခိုင်နှုန်း ရှိခဲ့သည်။ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ၆ ဒဿမ ၈ ရာခိုင်နှုန်း မျှော်မှန်းထားသည်။ ကမ္ဘာဘဏ်က ကာလတိုတွင် ကြီးထွားနှုန်း ၇ ဒဿမ ၂ ရာခိုင်နှုန်းရှိမည်ဟု ကြိုတင်ခန့်မှန်းထားသည်။
အနောက်နိုင်ငံများမှ လုပ်ငန်းများသည် မြန်မာကို အပြည့်အ၀ လက်ခံယုံကြည်ခြင်း မရှိသေးသော်ငြားလည်း ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ်၏ အထူးအကြံပေးဖြစ်သူ Hal Bosher ကဲ့သို့သော စီးပွားရေးဦးဆောင်သူများက အကောင်းမျှော်မှန်းပါသည်။
၎င်းက မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်မှာ မြန်မာကို ရောက်လာတဲ့အခါ လူတိုင်း အမြဲအံ့သြကြသည်။ စီးပွားရေးပမာဏသည် တရားဝင် ဆိုထားသည့် အမေရိကန်ဒေါ်လာ ခြောက်ဆယ် ခုနစ်ဆယ်ထက် အများကြီး ပိုကြီးမားသည်။ ဂျီဒီပီ အစစ်အမှန်သည်
တရားဝင် ခန့်မှန်းသည်ထက် နှစ်ဆဖြစ်နိုင်သည်ဟု သူထင်ကြောင်း ပြောပါသည်။
Grab ရင်းနှီးမြှုပ်နှံ
**********
လူတိုင်း ခပ်ကင်းကင်း နေသည် မဟုတ်ပေ။
အရှေ့တောင်အာရှ၌ ယာဉ်အငှားဝန်ဆောင်မှုတွင် ဦးဆောင်လုပ်ငန်းဖြစ်သော Grab က ရန်ကုန်မြို့တွင် ၎င်း၏ GrabTaxi ဝန်ဆောင်မှု အစမ်းလုပ်ကိုင်ခြင်းကို စတင်ခဲ့သည်မှာ ပြီးခဲ့သည့်နှစ် မတ်လတွင် ဖြစ်သည်။ ၎င်းကုမ္ပဏီက ၎င်း၏ လုပ်ငန်းလည်ပတ်မှုကို ဆက်လက် တည်ဆောက်သည်။
မန္တလေးတွင် သုံးဘီးယာဉ် ဝန်ဆောင်မှုကို စမ်းသပ်သည်။
ယခုအခါ ယာဉ်မောင်းများ၊ ကုန်သည်များ၊ ကိုယ်စားလှယ်များ ပါဝင်သော အငယ်စား လုပ်ငန်းရှင်များ ၆ ဒဿမ ၆ သန်းကျော်တို့သည် ၎င်း၏ ပလက်ဖောင်းပေါ်တွင် ရှိနေပြီ ဖြစ်သည်။ ထူးထူးကဲကဲ မြန်မြန်ဆန်ဆန် ကြီးထွားခဲ့သည်။
ကုမ္ပဏီဥပဒေသစ်
**********
ဇွန်လတွင် အတည်ပြုခဲ့သော ဥပဒေသစ်က နိုင်ငံခြားသားများကို ပြည်တွင်းကုမ္ပဏီများတွင် ၃၅ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံခွင့်ကို ပေးထားပြီး သြဂုတ် ၁ ရက်တွင် စတင်သက်ရောက်မည် ဖြစ်သည်။ ကုမ္ပဏီဥပဒေသစ်သည် ပြဿနာများကိုအံ့စရာအစွမ်းဖြင့် အဖြေပေးမည် မဟုတ်သော်လည်း မြန်မာ့ စီးပွားရေးဝန်းကျင်ကို ပိုမိုတိုးတက်ကောင်းမွန်ဖို့ ကျေးဇူးပြုပေးမည်ဟု အတိုင်ပင်ခံလုပ်ငန်း Asia Group Advisors မှ ညွှန်ကြားရေးမှူး Romain Caillaud က ပြောပါသည်။
Source Bloomberg