ဦးရန်နိုင်ထွန်းက “စားသုံးသူ ပြည်သူများ အတွက် အကျိုးအမြတ် ရှိစေဖို့ ခွင့်ပြုတဲ့ နေရာမှာ ပြည်တွင်း အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကိုထိခိုက်မှု မရှိတဲ့ အခြေအနေ တရပ် ဖန်တီးပေးနိုင်ဖို့ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံတဲ့ လုပ်ငန်းရှင်များကို ဖြန့်ဖြူး ရောင်းချခြင်း ဆိုင်ရာ ကုန်သွယ်မှု ဝန်ဆောင်မှုများ အနက် လက်လီ/လက်ကား ရောင်းချခြင်း ကိုစည်းကမ်းချက်တွေနဲ့ ခွင့်ပြုပေးသွားဖို့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ပြည်တွင်းရှိ လက်လီ/လက်ကား ဈေးကွက်၌ နိုင်ငံခြားသား လုပ်ငန်းရှင်များကို ၁၀၀ ရာခိုင်နှုန်း ဝင်ရောက် လုပ်ကိုင် ခွင့်ပြုနိုင်ရန် အတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှ စတင်၍ ပြင်ဆင်ခဲ့ပြီး ဌာနဆိုင်ရာများ၊သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ် ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေး ညိုနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဦးရန်နိုင်ထွန်းက “ဒီလို ခွင့်ပြုခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကတော့ စားသုံးသူ ပြည်သူများ ပိုမို သက် သာသော ကုန်ပစ္စည်းတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်လီ ရောင်းချသူများအနေနဲ့လည်း လက်ကား ရောင်း ချ သူများကို ပိုမို ရွေးချယ်လာနိုင်တဲ့ အတွက် အကျိုးရှိမယ့် ရောင်းဝယ်မှုတွေ တိုးပွားလာမှာ ဖြစ်ပါတယ်။ ပို့ကုန်၊ သွင်း ကုန် ဥပဒေ ပုဒ်မ ၁၃ (ခ) အရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းမှာ ပြည်တွင်း၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အားလုံး အတွက် တည်ဆဲဥပဒေများနှင့် အညီ ဥပဒေ၏ အကာအကွယ်ရရှိပြီး ဆောင်ရွက်နိုင်ရန် အတွက် တရားဝင်လုပ်ဆောင်ပေးခြင်းလည်း ဖြစ်သည်ဟု ဆို သည်။
ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “ဒီလို ဆောင်ရွက်တဲ့ နေရာမှာ တချို့တချို့သော ကိစ္စများမှာ တရားမဝင် လုပ် ဆောင်နေသော ကိစ္စများက အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒီလို တရားမဝင် ကိစ္စတွေကိုတရားဝင် ဖြစ်လာဖို့ကို သတ် မှတ်ပြီးတော့ စည်းကမ်းနဲ့ အညီ ဖြစ်ဖို့ စတင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နောက်တခုက ယှဉ်ပြိုင်မှုကို ဥပဒေနဲ့ အညီ ဖြစ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူများကြား ယှဉ်ပြိုင်မှု တိုးတက်ခြင်းအားဖြင့် စားသုံးသူများ အတွက် ဈေးနှုန်း လျော့ ကျပြီး ရွေးချယ်ခွင့် ပိုမိုရရှိလာစေရန်၊ ပြည်တွင်း ကုန်စည်နှင့် ဖြန့်ဖြူး ရောင်းချခြင်းဝန်ဆောင်မှုမှာ သွင်းအားစု ပံ့ပိုးပေးရေးနှင့် ကုန်ပစ္စည်း အရည်အသွေး၊ ဝန်ဆောင်မှု အရည်အသွေးနှင့် နည်းပညာများ တိုးတက်စေရန်၊ ပြည်တွင်း ထုတ် ကုန်များ ဈေးကွက် ပိုမိုရရှိ၍ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ စားသုံး သူများကြား အမြတ်ထုတ်ပြီး ဖြန့်ဖြူးရောင်းချသူများကြား မမျှတသော ယှဉ်ပြိုင်မှုများ မရှိစေရေး အတွက် စည်းမျဉ်း စည်းကမ်းများနှင့်အညီဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခြင်းဖြင့် ဖြန့်ဖြူး ရောင်း ချမှု ကွင်းဆက် တလျှောက် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် အပေါ် မူတည်ပြီး ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်လီ/လက်ကား ရောင်းချမည့် နိုင်ငံခြား ကုမ္ပဏီများ၊ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသားတို့ ပူးပေါင်း ဆောင်ရွက် မည့် ကုမ္ပဏီများအနေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကန့်သတ်ပိတ်ပင်ထားသည့် ကုန်စည် များမှ အပ ပြည်တွင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ၊ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများကို သတ်မှတ် လုပ် ထုံး လုပ်နည်းနှင့် အညီ ဖြန့်ဖြူး ရောင်းချနိုင်ကြောင်း ဝန်ကြီးဌာနမှသိရသည်။
လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချနိုင်သော ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ အပါ အဝင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများတွင် လယ်ယာထွက်ကုန် ပစ္စည်းများ(နိုင်ငံ၏ လိုအပ်ချက် အရ တင်သွင်း ရောင်းချခွင့် မပြုသောပစ္စည်းများမှအပ)၊ ရေထွက်ကုန် ပစ္စည်းများ၊ တိရစ္ဆာန်ထွက်ကုန်ပစ္စည်းများ၊ အသင့်စားသုံးနိုင်သည့် စားသောက်ကုန်များ၊ အချိုရည်အမျိုးမျိုး၊ ပြည်တွင်းတွင်ထုတ်လုပ်သော ယမကာများ ပါဝင် သည်။
မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်း ဒုဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က“ပြည်တွင်းလုပ်ငန်းတွေပါ နိုင်ငံခြားသား ရင်း နှီးမြှုပ်နှံသူတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အတွက်ကျတော့ အခု လက်ရှိမှာStanding Operating Procedure (SOP) ထုတ် ပေးလိုက်တာ တကယ်ကောင်းပါတယ်။ သို့သော် ကုန်သွယ်မှု ကဏ္ဍကိုတော့ သေချာ ထိန်းချုပ်ပေးဖို့ တောင်းဆို ခဲ့တယ်။ ဒါက ကျနော်တို့အတွက် အရမ်းကိုအရေးကြီးပါတယ်”ဟု ပြောသည်။
လက်ရှိတွင် လက်လီဈေးကွက်၌ နိုင်ငံခြားသား အပြည့်အဝ ဆောင်ရွက်သည့် ကုမ္ပဏီ၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်း စည်းဆောင်ရွက်သည့် ကုမ္ပဏီတို့သည် ကြမ်းခင်း မြေအကျယ်အဝန်း စတုရန်းမီတာ၉၂၉ အောက်ရှိ Mini Market နှင့် Conveninence Store တို့၌ လက်လီ ဖြန့်ဖြူးရောင်းချခြင်းကို ခွင့်မပြုသောကြောင့် ပြည်တွင်း လုပ်ငန်း ရှင်များ အတွက် ကောင်းမွန်သည့် အချက်တခု ဖြစ်ကြောင်းလည်း၎င်းက ပြောဆိုသည်။
ဦးမျိုးမင်းအောင်က “အဓိက စိုးရိမ်တဲ့ အချက်တွေကတော့ ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၇ သိန်းနဲ့ အထက် တင် ရမယ်ဆိုတဲ့ အချက်က ကျနော်တို့ ပြည်တွင်း လုပ်ငန်းရှင်ကိုပဲ ပြောထားတာ ရှိတယ်။
ကျနော်တို့ နည်းနည်း အခက် အခဲ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဥပမာ ကုန်တိုက်တခု ဖွင့်မယ်ဆိုရင် ကျနော်တို့ ဒေါ်လာ ၇ သိန်းနှင့် အထက်က ကျော်ကို ကျော်ပါတယ်”ဟု ဆိုသည်။
ထို့ပြင် ထောက်ခံချက်များစွာ ယူရသည့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြောင်း သိရသည်။
ဆက်လက်၍ ဦးမျိုးမင်းအောင် က “ထောက်ခံချက်တွေ များတဲ့အပြင် ဒေါ်လာ ၇ သိန်းထက် ကျော်ရင် ဒီအပေါ်မှာ ထပ်ပြီး မှတ်ပုံတင်ရမယ် ဆိုတော့ ကျနော်တို့က နိုင်ငံတော်ရဲ့ မှတ်ပုံတင် ယူတာနဲ့တင် ဝန်ထုပ်၊ဝန်ပိုး ဖြစ်နေတယ်။ နိုင်ငံတကာက လာတဲ့ ဟာတွေကျတော့ သူ့ဘာသာသူ ကျော်လွှားနိုင်ပေမယ့် ကျနော်တို့မှာ ဒီ ၂ ချက်ကို အခက်အခဲ နည်းနည်းလေး တွေ့ရပါတယ်”ဟု ရှင်းပြသည်။
အဆိုပါ အချက်များကို နောက်ပိုင်း၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ မြန်မာနိုင်ငံ လက်လီ ရောင်းချသူများ အသင်းက အသေးစိတ် တင်ပြ ဆွေးနွေးသွားရန် ရှိကြောင်းလည်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၁ ခုနှစ်မှ စတင်ပြီး ကုန်သွယ်မှု လျင်မြန် ချောမွေ့ စေရေး၊ ကုန်သွယ်မှု ဖြေလျှော့ရေး၊ ကုန်သွယ်မှု စေ့စပ် ညိုနှိုင်းရေး၊ ကုန်သွယ်မှု မြင့်တင်ရေး၊ကုန်သွယ်မှု ပညာပေး ရေး၊ စားသုံး သူ အကာအကွယ်ပေးရေး လုပ်ငန်းများကို စနစ်တကျ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။
Irrawaddy