ကြက်သွန်နီကို ထိုက်သင့်တဲ့ဈေးနဲ့ ဝယ်ပေးဖို့ တောင်သူတွေ မျှော်လင့်နေ


29 March, 2019

ပြည်တွင်းပြည်ပက ဝယ်လက်တွေ ရှားပါးလာတဲ့အတွက် ကြက်သွန်နီဈေးနှုန်းတွေ တရှိန်ထိုးကျဆင်းနေပြီး ကြက်သွန်စိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။

လက်ရှိကြက်သွန်နီဈေးနှုန်းဟာ တပိဿာကို ကျပ် ၃၅၀ ထိ ဈေးဆစ်ခံနေကြရပြီး လက်လီဈေးကွက်ပဲ အရောင်းဝယ်ဖြစ်နေပါတယ်။

ပြည်မြို့၊အောင်လံမြို့တို့က အနည်းငယ်သာမှာယူကြပြီး ရန်ကုန်ဘက်က မှာယူမှု မရှိသလောက်ဖြစ်နေပါတယ်။ ကြက်သွန်နီအထွက်နှုန်းကောင်းပေမယ့် အလုံးကြီးတွေ အရောင်းဝယ်နည်းပြီး အလုံးလတ်၊ အလုံးချောတွေသာ လက်လီဈေးကွက်မှာ အရောင်းဝယ်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ကြက်သွန်နီတွေကို အရင်နှစ်တွေက အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက အဓိကဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာတော့ ရန်ကုန်ကုန်စည်ဒိုင်တွေက အဝယ်မရှိသလောက်ဖြစ်နေသလို ရခိုင်ပြည်နယ်ဘက်မှာတိုက်ပွဲတွေ ဖြစ်နေလို့ ဘင်္ဂလားဒေ့ရှ်ဘက်ပို့မယ့် ဝယ်လက်တွေလည်း မလာကြတဲ့အတွက် ဈေးနှုန်းကျဆင်းတာလို့ ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ရာသီဥတုနဲ့ ပိုးမွှားဖျက်ဆီးတဲ့အတွက်လည်း ကြက်သွန်နီ အထွက်နှုန်းလျော့ပြီး အရှုံးပေါ်နေတယ်လို့ ကြက်သွန်စိုက်တောင်သူတွေကပြောပါတယ်။ ကြက်သွန်နီဟာ ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်မှ ဈေးကောင်းရရှိနိုင်တာဖြစ်ပါတယ်။

တောင်သူတွေအနေနဲ့လည်း အရင်းနှီးစိုက်ထုတ်သလောက် သီးနှံဈေးကောင်းမရတဲ့အခါ အရှုံးပေါ်ပါတယ်။ ဒီလို သီးနှံဈေးကွက်နဲ့ အထွက်နှုန်းမကောင်းတဲ့အတွက် အချို့တောင်သူတွေနဲ့ လုပ်သားတွေဟာ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ကြတဲ့အတွက် အလုပ်သမားရှားပါးကာ အထွက်နှုန်းထိခိုက်တာတွေ ရှိနေပါတယ်။

မနှစ်က ကြက်သွန်နီ တပိဿာကို အမြင့်ဆုံးဈေးကျပ်  ၂၅၀၀ ရောင်းချခဲ့ရပေမယ့် အခုနှစ်ကြက်သွန်ပေါ်ချိန်မှာတော့ တပိဿာကိုကျပ်   ၄၅၀ လောက်နဲ့သာ ရောင်းချကြရတဲ့အတွက် တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ကြက်သွန်နီဈေးနှုန်း ကျဆင်းပေမယ့်လည်း မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး ဈေးနှုန်းတွေကတော့ မြင့်တက်နေပါတယ်။ ကြက်သွန်နီ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပဈေးကွက်ကို ချိတ်ဆက်ပြီး ထိုက်သင့်တဲ့ဈေးနဲ့ ဝယ်ပေးကြဖို့ ကြက်သွန်နီစိုက်တောင်သူတွေက မျှော်လင့်နေကြပါတယ်။

DVB

Agriculture & Livestock Read 812 times