တရားမဝင်ကုန်သွယ်မှုကို အထူးအဖွဲ့များဖွဲ့စည်းပြီး တားဆီးရန် သမ္မတ ညွှန်ကြားထား


02 July, 2018

တရားမဝင်ကုန်သွယ်မှုကို အထူးအဖွဲ့များဖွဲ့စည်းပြီး တားဆီးရန် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များသို့ သမ္မတဦးဝင်းမြင့်က ညွှန်ကြားထားကြောင်း ရှမ်းပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ပါသည်။

‘‘လောလောဆယ်အဖွဲ့ဖွဲ့ဖို့ ဝန်ကြီးချုပ်က စီစဉ်နေတယ်။ ဘယ်သူတွေပါမယ်ဆိုတာ အသေးစိတ်မသိရသေးဘူး’’ ဟု ၎င်း ကပြောသည်။

ပြည်တွင်းအသေးစား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများ အတွက် အဓိကစိန်ခေါ်မှုဖြစ်နေသော နယ်စပ်ဒေသများမှ ဝင်ရောက်နေသည့် တရားမဝင်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ တားဆီးရေးဆောင်ရွက်မည်ဖြစ်ပြီး သတင်းပေးတိုင်ကြားသူများကို ဆုအဖြစ် ဖမ်းမိပစ္စည်း၏ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်ရန် စီစဉ်ထားသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးရေးအဖွဲ့သည် တစ်နေရာတည်းတွင် ဖမ်းဆီးမည်မဟုတ်ဘဲ ရွေ့လျားစစ်ဆေးမှုများဖြင့် ရှောင်တခင်စစ်ဆေး ဖမ်းဆီးမည်ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု တားဆီးရေးကို ယခင်အစိုးရ အဆက်ဆက်ကလည်း ဆောင်ရွက်ခဲ့သဖြင့် လက်ရှိအစိုးရအနေဖြင့် ထပ်မံဆောင်ရွက်မည်ဆိုပါက သိုလှောင်သိမ်းဆည်းသည့်နေရာများကို စနစ်တကျစစ်ဆေးရှာဖွေဖမ်းဆီးပြီး ဒဏ်ရိုက်အခွန်ဆောင်သည့် နည်းလမ်းကိုသုံးသင့်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌတစ်ဦး က ပြောခဲ့ပါသည်။

‘‘နယ်ခြားတွေကို လိုက်ပိတ်မယ်ဆိုရင် မလွယ်ပါဘူး။ အ တော်ခက်တဲ့ အလုပ်ပါ။ စတိုတွေ၊ လက်ကားဒိုင်တွေကို ရှာစစ်နိုင်ရန် အတော်အဆင်ပြေ သွားမယ်’’ဟု အထက်ပါပုဂ္ဂိုလ် က ပြောသည်။

လက်ရှိ အစိုးရအနေဖြင့် တရားမဝင်ကုန်သွယ်ရေး တားဆီးရန် မန္တလေး၊ မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတွင် ရေပူစစ် ဆေးရေးဂိတ်၊ မြဝတီ၊ ရန်ကုန်ကုန်သွယ်ရေးလမ်းကြောင်းတွင် ညောင်ခါးရှည်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ စစ်ဆေးဖမ်းဆီးခဲ့ပါသည်။

သို့သော် တရားမဝင်ကုန် သွယ်မှုများ ဆက်ရှိနေခြင်းကြောင့် ယခုကဲ့သို့ အထူးအဖွဲ့များ ဖွဲ့စည်း၍ဖမ်းဆီးမည့် အစိုးရ၏အစီအစဉ်ကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဋ္ဌက ပြောခဲ့ပါသည်။

 7 Day Daily

Local News Read 464 times