တောင်သူများချေးငွေ၏ ရာခိုင်နှုန်း၃၀ နှင့် ပုံစံ (၇) မူရင်းအား ဘဏ်အာမခံအဖြစ်ထားရှိပြီး ငွေချေးယူနိုင်


05 April, 2019

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ငွေချေးလိုသည့် တောင်သူများအနေဖြင့် ချေးငွေ၏ ရာခိုင်နှုန်း ၃၀ အား ဘဏ်တွင်စုဆောင်း ရမည်ဖြစ်ပြီး အမည်ပေါက်လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇) မူရင်းအားဘဏ်သို့ အာမခံအဖြစ် တင်သွင်းရမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ချေးထားသည့် ချေးငွေအရင်းအား ထုတ်ချေးသည့်နေ့မှ စတင်၍ ထော်လာဂျီ၊ လက်တွန်းထွန်စက် ဝယ်ယူရန် ချေးငွေရယူထားသူများအတွက် သုံးနှစ် သုံးရစ်ပေးဆပ် ရမည်ဖြစ်ပြီး ယင်းစက်များမှအပ ကျန်ချေးငွေများအတွက် ငါးနှစ်ငါးရစ် ပေးဆပ်ရမည်ဖြစ်ကြောင်း ငွေချေးလိုသူသည် ၎င်း၏ အမည်ပေါက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) မူရင်းအား ဘဏ်သို့ အာမခံအဖြစ် တင်သွင်းရမည်ဖြစ်ပြီး ငွေချေးယူလိုသူနှင့် ပူးတွဲအာမခံသူနှစ်ဦး၏ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကိုလည်း အာမခံအဖြစ် တင်သွင်းရမည်ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ဂျပန်နိုင်ငံ  (JICA Two Step Loan)  ချေးငွေ အထောက်အပံ့ဖြင့် တောင်သူတစ်ဦးချင်းနှင့် တောင်သူအစုအဖွဲ့များသို့ ထွန်စက်ကြီး၊ ရိတ်သိမ်းြွခေလှေ့စက်၊ ထော်လာဂျီ၊ လက်တွန်းထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန် ထုတ်လုပ်သည့် စက်များဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊ ဂိုဒေါင်တည်ဆောက်ခြင်း၊ ပြုပြင် မွမ်းမံခြင်းတို့အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ချေးငွေအဖြစ် ၂၀၁၇ ခုနှစ် ဇူလိုင်မှစတင်၍ ထုတ်ချေးပေးလျက်ရှိသည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက် အများဆုံး ကျပ်သိန်း ၅၀ဝ၊ တောင်သူအစုအဖွဲ့ တစ်ဖွဲ့အတွက် အများဆုံးကျပ်သိန်း ၅၀ဝ၀ အထိ သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် မတ်လကုန်အထိ မြို့နယ် ၁၅၄ ခုမှ တောင်သူ ၂၀၅၁ ဦးအတွက် ချေးငွေပမာဏ ငွေကျပ်သန်း ၈၀ဝဝဝ ကျော် ထုတ်ချေးထားပြီးဖြစ်ပါတယ်။ ချေးငွေရယူလိုသော တောင်သူများအနေဖြင့် မိမိတို့ အမြဲတမ်းနေထိုင်ရာ မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲနှင့် ဆက်သွယ်၍ ချေးငွေများလျှောက်ထား ရယူနိုင်ကြောင်း သိရပါတယ်။

The Myanmar Times

Local News Banking & Loan Read 4176 times