သစ်သီးရှစ်မျိုးကို တရားဝင် နယ်စပ်ထွက်ပေါက်တွေမှ တင်ပို့ခွင့်ရဖို့ ဆောင်ရွက်


25 March, 2019

မြန်မာနိုင်ငံသစ်သီး ဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သစ်သီးရှစ်မျိုးကို တရားဝင်နယ်စပ်ထွက်ပေါက်တွေမှ တင်ပို့နိုင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ အပင်နဲ့ တိရစ္ဆာန် ရောဂါကင်းရှင်းရေး AQSIQ ရရှိဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ AQSIQ စာရင်းမှာ ဖရဲ၊ သခွား၊ သရက်နဲ့ ဆီးသီး စတဲ့ အသီးလေးမျိုးကိုသာ ခွင့်ပြုထားပါတယ်။ ဒါ့ကြောင့် ထောပတ်၊ ကျွဲကော၊ ငှက်ပျော၊ နာနတ်၊ သံပုရာ၊ ဝဥ၊ ကြက်မောက်၊ ဒူးရင်း စတဲ့ သစ်သီးရှစ်မျိုးကို မူဆယ် - ရွှေလီ ဝင်ပေါက်တစ်ပေါက်တည်းသာမက တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ကန်ပိုက်တီး၊ လွယ်ဂျယ် နယ်စပ်ဂိတ်ပေါက်တွေမှတစ်ဆင့် တင်ပို့ခွင့်ရရှိစေဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတွေကို တင်ပြထားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံကို တင်ပို့တဲ့ကုန်စည်တွေထဲမှာ ဆန်၊ သရက်၊ ဖရဲ၊ သခွား၊ ဆီးသီးတို့သာ မှတ်ပုံတင်ထားပြီး ကျန်ကုန်စည်အများစုကိုတော့ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရတာကြောင့် မကြာခဏ ဈေးနှိမ်ခံရပါတယ်။ လက်ရှိ သရက်၊ ထောပတ်၊ ကျွဲကော၊ ပိန္နဲ၊ နာနတ်တို့မှာ ထွက်ရှိမှုများပြားနေပေမယ့်လည်း AQSIQ ရရှိထားခြင်းမရှိတာကြောင့် ဈေးနှိမ်မှုတွေရှိနေပါတယ်။

ဒါ့ပြင် တရုတ်နိုင်ငံကို တရားဝင်တင်ပို့နိုင်ဖို့အတွက် သစ်သီးဝလံတွေအပြင် လယ်ယာထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ၊ စက်မှုထုတ်ကုန်များကို AQSIQ မှတ်ပုံတင်ခွင့်အမြန်ဆုံးရရှိရေးကိုလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တင်ပြတောင်းဆိုထားပါတယ်။

The Myawady Daily

Export, Import Read 368 times