စိုက်ပျိုးရေး နိုင်ငံဟု ပြောရမည့် မြန်မာနိုင်ငံသည် သီးနှံအမည်စုံ ပြည်တွင်း၌ စိုက်ပျိုးနေသော၊ စားသုံးနေသော ပြည်ပသို့ တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်သည်။
ပြည်တွင်းစားသုံးမှုတွင် ပြဿနာ မရှိသော်လည်းပြည်ပပို့ကုန်တွင် စပါးအပါအဝင် ပဲနှင့်အခြား သီးနှံများပါ ဈေးကွက်ကိစ္စသည် တဖြည်းဖြည်း ပြဿနာများ ကြုံတွေ့လာရသည်။
လူဦးရေ များပြားသော နိုင်ငံကြီးနှစ်နိုင်ငံနှင့်နီးကပ်နေသော ဈေးကွက် အခွင့်အရေး ရရှိသည့် စိုက်ပျိုးရေး နိုင်ငံဖြစ်သော်လည်း ဈေးကွက်တွင် သီးနှံဈေးကွက်မှာ စိုက်ပျိုးသူတောင်သူ လယ်သမားများနှင့် ရောင်းဝယ်သူ ကုန်သည်ပွဲစားများ မကိုက်သော ဈေးကွက် ဖြစ်နေသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချမှုနှင့် ဈေးကွက်မှာလည်း ဟန်ချက်ညီနေမှ ဖြစ်မည်။
ပြည်တွင်း၌ ကြံုတွေ့နေရသော စားသုံးကုန် ကြက်သွန်နီ၊ ခရမ်းချဉ်စသော ပြောင်းလဲတက်ကျမှုမြန်သည့် လယ်ယာထွက်ကုန် သီးနှံထက် ယခု ပြည်ပဈေးကွက်တွင် ကြံုတွေ့နေရသော စပါးနှင့် ပဲ
မျိုးစုံသီးနှံတို့၏ ဈေးကွက် ကမောက်ကမမှာ အကြောင်းအချက်များ အပေါ် အခြေခံနေပါလိမ့်မည်။
ဈေးကွက် စီးပွားရေး ဖြစ်လာသော အချိန်ကာလတွင် စိုက်ပျိုး ထုတ်လုပ်သော သီးနှံများသည် မြို့တွင်း စားသုံးရန်အတွက်ဖြစ်စေ၊ပြည်ပပို့ကုန်အတွက် ဖြစ်စေ၊ လုံခြံုစိတ်ချ၊ အရည်အသွေး ပထမတန်းဝင် သီးနှံများဖြစ်ဖို့ လိုပါသည်။
ဈေးကွက်ကလည်းရေရှည်တည်တံ့သော ဈေးကွက်ဖြစ်ရန် လိုပါမည်။ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာကလည်း ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် ကျင့်သုံးကြရပါမည်။
ဘာလုပ်လုပ်ရေရှည်အတွက် စဉ်းစားဆောင်ရွက်ကြသင့်ပါပြီ။စိုက်ပျိုးမှုထက် ဈေးကွက်က ပိုအရေးကြီးနေသလို
ဈေးကွက်ရေရှည်တည်တံ့ရန်လည်း ကောင်းမွန်စနစ်ကျသော စိုက်ပျိုးမှုဖြစ်ရပါမည်။
ယခုကြံုတွေ့နေရသည်မှာ မြန်မာနိုင်ငံမှ နှစ်ပေါင်း ၃၀ ကျော် ပဲရောင်းချနေခဲ့သည့် နိုင်ငံသည် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စသည့် ပဲသုံးမျိုးကို အိန္ဒိယနိုင်ငံ အစိုးရ၏ ပဲတင်သွင်းမှုမူဝါဒ အပြောင်းအလဲကြောင့် ပဲဝယ်ယူမှု တန်ချိန် ကန့်သတ်လိုက်သည်။
ပဲလောကတွင် စိုက်ပျိုးသူရော၊ ရောင်းဝယ် တင်ပို့သူရော၊သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရော လှုပ်ခါသွားသည်။ ပဲစင်းငုံစိုက်ခင်းများကအညာဒေသနှင့် မြေလတ်ဒေသတွင်စိုက်ပျိုးပြီးနေပါသည်။
မစိုက်ပျိုးရသေးသည်နှင့် စိုက်ပျိုးဆဲမှာ ပဲတီစိမ်းနှင့် မတ်ပဲဖြစ်သည်။
ပဲတီစိမ်းနှင့် မတ်ပဲမှာ အညာ၊ မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ မကျန်အင်နှင့်အားနှင့် ပြည်ပဈေးကွက်ကို အားထား စိုက်ပျိုးကြသော သီးနှံနှစ်မျိုးဖြစ်သည်။
ပဲဈေးကွက်ကြောင့် ပဲရောင်းချသူများသာမက ပဲကို အဓိကထား စိုက်ပျိုးနေကြရသော တောင်သူလယ်သမား၊ ယာသမားများမှာလည်း မောသွားကြလေသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သူတို့လုပ်ငန်းများ လုပ်ကိုင်ရန် ဆွေးနွေးအဖြေရှာနေကြသည်။
အရေးကြီးသည်မှာ ဤသည်ကို အခြေပြု၍ ရေရှည် အနာဂတ် ကောင်းမွန်သော သီးနှံဈေးကွက်ကြီးတစ်ခုကို ဖော်ဆောင်ကြရတော့မည်။
စိုက်ပျိုးရေး အခြေခံသော နိုင်ငံတွင် စိုက်ပျိုးရေးပို့ကုန်များ ဈေးကွက်ဝေစုခိုင်မာရေး၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကိုစိုက်ပျိုးမှုနှင့် တင်ပို့မှုဟန်ချက်ညီညီ ပြုလုပ်ကြသင့်ပြီ။ ယခုကြံုတွေ့နေရသော ဝယ်ယူသူဈေးကွက် ဖြစ်နေမှုမှ ရောင်းချသူဈေးကွက် ဖြစ်ရန်လိုနေပါသည်။
မြန်မာ့ပဲသည် နိုင်ငံပေါင်း ရ၈ နိုင်ငံသို့ တင်ပို့ရောင်းချနေသည်။
မြန်မာ့ပဲမျိုးစုံသည် ကမ္ဘာတွင် တတိယအများဆုံး တင်ပို့ဆဲနိုင်ငံဖြစ်သည်။
ဆန်ကို နိုင်ငံပေါင်း ၅၀ ကျော် တင်ပို့ရောင်းချနေသည်။
ယခုနှစ်ကြားရသည်မှာ ၁၀ စုနှစ်အတွင်း ဆန်အများဆုံး တင်ပို့သည့်နှစ် ဖြစ်မည်ဟု ပြောနေကြသည်။ တောင်သူ လယ်သမား စိုက်ပျိုးသူများသည် ဈေးကွက်ကိုနားမလည်ကြပါ။
ဈေးကွက်နားလည်သူများကလည်း စိုက်ပျိုးမှု နည်းစနစ်ကို မကျွမ်းကျင်ကြပါ။
ဖြစ်ပေါ်ကြံုတွေ့နေကြရသောသိသာ၊ မသိသာ အချက်အလက် ပေါင်းများစွာထဲမှာ သီးနှံစိုက်ပျိုးမှုတွင် သီးနှံစံချိန်စံညွှန်း အရည်အသွေး ဒေါင်ဒေါင်မြည်ကောင်းလာရန် လိုနေပါသည်။
ဝယ်သူ အများစုသည် အရည်အသွေးကို ဦးစားပေး အလေးထားနေကြပါသည်။
အရည်အသွေးကောင်းရန် ဈေးကွက်ရရှိရန်စိုက်ပျိုးသူများနှင့် ရောင်းဝယ် သိုလှောင်သူများသည် သီးနှံများတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး ဓာတ်ကြွင်းအာနိသင် ပါဝင်မှုများပြားခြင်းသည်လည်း စားသုံးသူများနှင့် ဈေးကွက်တွင် အဟန့်အတားတစ်ချက် ဖြစ်နေ၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေးကို ဝိုင်းဝန်း
လုပ်ကိုင်ကြရန် သင့်ပါသည်။
Source:the farmermedia