FU YUEN အထည်ချုပ်လုပ်သား ၂၀၀ ခန့် လုပ်ငန်းခွင်ရပ် ဆန္ဒထုတ်ဖော်


23 August, 2018

အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ဝ ဦးကို အလုပ်မှ ရပ်စဲခြင်းကြောင့်ဟုဆိုကာ ဖုယွင်(Fu Yuen)အထည်ချုပ် စက်ရုံလုပ်သား ၂ဝဝ ခန့် လုပ်ငန်းခွင်ရပ် ဆန္ဒပြလျက်ရှိသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ က နောင်မင်းသားကြီးလမ်း စက်မှုဇုန် (၁)ရှိ ဖုယွင်အထည်ချုပ်စက်ရုံမှ ကြိုတင်အသိပေးအကြောင်းကြား ခြင်းမရှိဘဲ သြဂုတ် ၂ဝ ရက်က အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ဝ ဦးကို အလုပ်မှရပ်စဲခဲ့ခြင်းကြောင့် ဟုဆိုကာ စက်ရုံကုန်ထုတ်လုပ်သား ၂ဝဝ ခန့်က သြဂုတ် ၂၁ ရက်နေ့မှစ၍ စက်ရုံရှေ့တွင် ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

''အလုပ်ထုတ်တယ်ဆိုရင် ကျွန်မတို့အလုပ်သမားတွေကို အသိပေး အကြောင်းကြားရမယ်လေ။ အခုက အကြောင်းကြားတာလည်းမရှိ အလုပ်ထုတ်ခံရတာလည်းမသိဘဲ အလုပ်လာတော့ သူတို့ကပေးမဝင်ဘဲ ထုတ်လိုက်ပြီတဲ့။ အဲ့ဒါကြောင့် အလုပ်ထုတ်ခံရတဲ့သူအားလုံးက မကျေနပ်ဘူး။ ဘာနစ်နာကြေးမှလည်း ကျွန်မတို့လက်ခံရရှိခြင်း မရှိဘူး။ အခြားအလုပ်သမားတွေက ညီမတို့ကို ကိုယ်ချင်းစာလို့ အခုလို ထိုင်သပိတ်နဲ့ဆန္ဒပြကြတာ'' ဟု အလုပ်ထုတ်ခံရသူ မသဇင်လွင်က ပြောသည်။

အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကိုရွေး၍ အလုပ်မှထုတ်ပယ်ခြင်းသည် အလုပ်သမားသမဂ္ဂကိုဖြိုခွဲ ခြင်းဟု မြင်မိကြောင်း လုပ်ခလစာကျပ် ၄၈ဝဝ တိုးမြင့်ပေးပြီးနောက်ပိုင်း လုပ်သားများထပ်မံခေါ်ယူခဲ့ပြီး ယခုမှ လုပ်ခစရိတ်လျှော့ချရန် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃ဝ အားထုတ်ပယ်ခြင်းမှာ တရားမျှတမှုမရှိကြောင်း လုပ်သားများက ပြောသည်။

''အဲ့စက်ရုံအလုပ်ရှင်အလုပ်သမားပြဿနာနဲ့ပတ်သက်ပြီး အလုပ်ရှင်ဘက်ကစာတင်ပြထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီတစ်ပတ်အတွင်းခေါ်ယူပြီး နှစ်ဖက်ညှိနှိုင်းပေးသွားမယ်။ အခုက သူတို့ ဖြစ်စဉ်က အလုပ်ရှင်ဘက်က စာတင်လာတာပဲရှိတယ်။ နှစ်ဖက်စလုံး နားမထောင်ရသေးဘူး။ အဲ့တော့ နှစ်ဖက်လုံးနားထောင်ပြီးခေါ်ညှိပေးသွားမယ်''ဟု ရန်ကုန်တိုင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးကပြောသည်။

စက်ရုံဝင်ထွက်တံခါးပေါက်ဝတွင် သြဂုတ် ၁၅ ရက် နေ့ရက်စွဲ ဖြင့် ''အကြောင်းအမျိုးမျိုးကြောင့် လုပ်သားအင်အားလျှော့ချလျက် အလုပ်ရပ်စဲမည့်ကိစ္စကြေညာခြင်း'' ခေါင်းစဉ်ဖြင့်ကပ်ထားသည့် ကြေညာစာတွင်မူ 'ဖုယွင်အထည်ချုပ်စက်ရုံမှ ဝန်ထမ်းအလုပ်သမားများကို (၁၄.၅.၂ဝ၁၈) ရက်နေ့က ပြင်ဆင်သတ်မှတ်လိုက်သည့် အနည်းဆုံးအခကြေးငွေနှုန်းထား အရ လုပ်ခလစာများတိုးမြှင့်ပေး ချေခဲ့ရာ၌ ကုန်ကျစရိတ်ပိုမိုများ ပြားလာခဲ့ကြောင်း၊ ယင်းအပြင် စက်ရုံတွင် လစဉ်ကုန်ထုတ်လုပ်မှု တိုးတက်လာခြင်းမရှိဘဲ လုပ်ခလစာငွေများသာ ပိုမိုကုန်ကျလာသဖြင့် ရေရှည်တွင် စက်ရုံ၏ စီးပွားရေးတွက်ခြေကိုက်မှုမရှိတော့ဘဲ အရှုံးပေါ်လျက်ရှိကြောင်း၊ သို့ပါ၍ စက်ရုံ၏အလုပ်သမားများထဲမှ ၃ဝကို စရိတ်ကာမိစေရေးအတွက် အင်အားလျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

ထို့ကြောင့် အလုပ်မှရပ်စဲရန် စက်ရုံတွင် (EC) စာချုပ်အတိုင်း အလုပ်လုပ်ကိုင်မှုမရှိသူများ၊ ခွင့်မဲ့ပျက်ကွက်မှုများ ပြားသူများ၊ ကုန်ထုတ်လုပ်မှုကျဆင်းစေရန်ရည်ရွယ်၍ သွေးထိုး လှုံ့ဆော်သူများ၊ စက်ရုံ၏ (EC) စာချုပ်ပါသတ်မှတ်စည်းကမ်းချက်များကို ချိုးဖောက်သူများဖြစ်သည့် စုစုပေါင်း ၃ဝ ဦးကို စိစစ် ရွေးချယ်လျက် တည်ဆဲဥပဒေပါ အလုပ်သမားဥပဒေပါပြဋ္ဌာန်းချက်များအရ စုစုပေါင်း အလုပ်ရပ်စဲမှု နစ်နာကြေးငွေများပေးချေပြီး (၂ဝ. ၈.၂ဝ၁၈) ရက်နေ့ ညနေပိုင်းမှစ၍ အလုပ်မှရပ်စဲသွားမည်ဖြစ် ကြောင်းဖော်ပြထားသည်။

Source: yangon media

Local News Read 724 times