သပိတ်မှောက်အလုပ်သမားများ၏ တောင်းဆိုချက်အားလုံးနီးပါးကို ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်သော်လည်း အလုပ်မှထုတ် ပယ်ထားသည့် အလုပ်သမား ၃ဝ အား အလုပ်ပြန်ခန့်ပေးရန်တောင်းဆိုချက်ကို လိုက်လျောပေးမည် မဟုတ်ကြောင်း ဖုယွင် အထည်ချုပ် စက်ရုံတာဝန်ရှိသူများက မီဒီယာများကို ပြောကြားလိုက်သည်။
သတင်းစာရှင်းလင်းပွဲ
*****
စက်ရုံက အလုပ်သမား ၃ဝ အား အလုပ်ထုတ်ပယ်ရသည့် အကြောင်းရင်းနှင့် အလုပ်သမားသပိတ်ကြောင့် ကြုံတွေ့နေရသည့် အခြေအနေများကို စက်တင်ဘာ ၁၁ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
''အလုပ်မှ ထုတ်ပယ်ထားတဲ့ အလုပ်သမား ၃ဝ ကို ပြန်ခန့်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး'' ဟု စက်ရုံမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးထက်နိုင်က ပြောသည်။
စက်ရုံအနေဖြင့် သပိတ်မှောက်အလုပ်သမားများ၏ တောင်းဆိုချက်များထဲမှ အလုပ်သမားများနှင့် တိုက်ရိုက်သက်ဆိုင်သည့် တောင်းဆိုချက်များကို ညှိနှိုင်းဖြေရှင်းပေးသွားမည်ဟု ၎င်းကပြောသည်။
အနည်းဆုံးလုပ်ခတိုးမြှင့်သတ်မှတ်ခဲ့ပြီးနောက်ပိုင်းတွင် စက်ရုံ၏ ကုန်ကျစရိတ်များမြင့်တက်လာခြင်းတို့ကြောင့် အလုပ်သမားလျှော့ချရန် ပြင်ဆင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံတာဝန်ရှိသူများက ပြောသည်။
အလုပ်သမားလျှော့ချမှု
*****
ယင်းသို့ အလုပ်သမားလျှော့ချရာတွင် စက်ရုံတွင်း စည်းကမ်းများချိုးဖောက်ခြင်း၊ အလုပ်ချိန်မမှန်ခြင်း၊ ခွင့်မဲ့အလုပ်ပျက်ကွက်ခြင်းနှင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုလျော့ကျအောင် သွေးထိုးလှုံ့ဆော်နေသည့် အလုပ်သမား ၃ဝ ဦးကို ကနဦးအနေဖြင့် ရွေးချယ်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံမန်နေဂျာများက ပြောသည်။
ထို့ပြင် စက်ရုံအတွင်းပိတ်ဆို့ ဆန္ဒပြမှု ဖြစ်စဉ်သာဓကများ ရှိခဲ့ဖူးသည့်အတွက်၊ လက်ရှိအလုပ်သမား ၃ဝ ဦးကို (၁) ကြိုတင်အသိပေးခြင်းမပြုဘဲ ရုတ်တရက်ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု စက်ရုံမန်နေဂျာတစ်ဦးဖြစ်သူ ဦးသိန်းဆွေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သပိတ်မှောက်
*****
အဆိုပါဖြစ်စဉ်ကြောင့် အလုပ်ထုတ်ခံအလုပ်သမားသဂ္ဂခေါင်းဆောင်များနှင့် သမဂ္ဂအဖွဲ့ဝင်များပါဝင်သည့် အလုပ်သမား ၃ဝဝ ခန့်မှာ၊ အလုပ်ထုတ်ခံရသူများ ပြန်လည်ခန့်ထားပေးရေးကို သြဂုတ်လ ၂၁ ရက်မှ စတင်ပြီး ယနေ့တိုင် သပိတ်မှောက် တောင်းဆိုနေလျက်ရှိသည်။
တောင်းဆိုချက်များ
*****
ထို့ပြင် အချိန်ပိုလုပ်အားခများရရှိရေး၊ ကျွမ်းကျင်ကြေးများ တိုးမြှင့်ပေးရေး၊ အလုပ်သမားကြီးကြပ်ခေါင်းဆောင်များ၏ အလုပ်သမားများအပေါ် ရိုင်းစိုင်းစွာပြုမူခိုင်းစေမှုများ မပြုလုပ်စေရေးနှင့် နိုင်ငံခြားသားများ၏ တိုက်ရိုက်ကြီးကြပ်အုပ်ချုပ်စေမှု မပြုလုပ်ရေးတို့ကို သပိတ်မှောက်အလုပ်သမားများက တောင်းဆိုထားသည်။
စက်ရုံရှိ မီးပူဌာနများတွင် လေပန်ကာများနှင့် မျက်နှာကျက်များ တပ်ဆင်ပေးရေး၊ အလုပ်သမားလိုအပ်နေသည့် ဌာနများတွင် အလုပ်သမားထပ်မံခန့်ထားပေးရေးနှင့် လုံခြုံရေးဝန်ထမ်းများအား ၎င်းတို့နှင့် သက်ဆိုင်သည့်နေရာတွင်သာ နေထိုင်တာဝန်ထမ်းဆောင်ကြစေရေးကိုလည်း၊ သပိတ်မှောက်အလုပ်သမားများက စက်ရုံတာဝန်ရှိသူများကို တောင်းဆိုထားသည်။
''ကျွန်မတို့ ဘာဥပဒေမှ ချိုးဖောက်ထားတာမရှိဘူး။ စက်ရုံဘက်ကသာ ဥပဒေကို ဆန့်ကျင်ပြီး ကျွန်မတို့ကို အလုပ်ထုတ်ခဲ့တဲ့အတွက် ဒီတိုက်ပွဲ အဆုံးထိနိုင်အောင် တိုက်မှာပါ'' ဟု အလုပ်ထုတ်ခံထားရသည့် စက်ရုံအလုပ်သမားသမဂ္ဂ ဥက္ကဌဖြစ်သူ မသက်ထားဆွေက ပြောသည်။
အလုပ်ထုတ်ခံထားရသည့် အလုပ်သမား ၃ဝ ဦးမှာ စက်ရုံအလုပ်သမားသဂ္ဂခေါင်းဆောင်များအားလုံးနှင့် အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် စက်ရုံက စက်ရုံရှိ အလုပ်သမားသမဂ္ဂအား ဖြိုခွဲပစ်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းသာဖြစ်သည်ဟု သပိတ်မှောက်အလုပ်သမားခေါင်းဆောင်လည်းဖြစ်သည့် မသက်ထားဆွေက ပြောသည်။
အလုပ်သမားအငြင်းပွားမှုနှင့် သပိတ်မှောက်တောင်းဆိုမှု အချိန်ကြာမြင့်လာနေသော်လည်း အစိုးရက ထိရောက်သည့် ကြားဝင်ညှိနှိုင်းဖြေရှင်းမှုမရှိသေးကြောင်း သပိတ်မှောက်အလုပ်သမားများက ပြောထားသည်။
တာဝန်ရှိ
*****
ထို့ကြောင့် ၎င်းတို့၏ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားနေမှုကို အစိုးရအနေဖြင့် တစ်ပတ်အတွင်း ပြေလည်မှုရှိအောင် ဖြေရှင်းမပေးနိုင်ပါက နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များသည် အစိုးရတွင်သာ တာဝန်ရှိသည်ဟုလည်း သပိတ်မှောက်အလုပ်သမားများက စက်တင်ဘာလ ၁ဝ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး ကြေညာထားသည်။
ဖုယွင်အထည်ချုပ်စက်ရုံ၏ အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုကို မြို့နယ်အလုပ်ရှင်၊ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းဖျန်ဖြေမှု (၆) ကြိမ်ထိ ပြုလုပ်ထားသော်လည်း ယနေ့တိုင် ပြေလည်မှုမရရှိသေးပေ။
ဝန်းရံအာပေး
*****
လက်ရှိတွင် အလုပ်သမားများ၏ စက်ရုံဝင်ပေါက်အား ပိတ်ဆို့သပိတ်မှောက်မှုမှာ ရက်ပေါင်း (၂ဝ) ကျော်ကြာမြင့်လာပြီး၊ နိုင်ငံရေးအင်အားစုများကလည်း အလုပ်သမားအခွင့်အရေးအတွက် သပိတ်မှောက်အလုပ်သမားကို ဝန်းရံအားပေးလျက်ရှိနေသည်။
စက်ရုံအနေဖြင့် ၎င်းတို့အလုပ်ထုတ်ပယ်ထားသည့် အလုပ်သမား (၃ဝ)မှ လွဲပြီး၊ အလုပ်သမားသပိတ်ပူးပေါင်းပါဝင်နေသည့် အလုပ်သမားများကို စက်ရုံအတွင်း ပြန်လည်အလုပ်လုပ်ကိုင်လိုပါက ကြိုဆိုလက်ခံပေးမည်ဟုလည်း ဖုယွင်စက်ရုံမန်နေဂျာများက ပြောသည်။
ဖုယွင်အထည်ချုပ်စက်ရုံ
*****
တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံကို ဒဂုံဆိပ်ကမ်းစက်မှုဇုန်တွင် ၂ဝ၁၄ ခုနှစ်ကတည်းက ဖွင့်လှစ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး အလုပ်သမားစုစုပေါင်း ၁၄ဝဝ ခန့်ထိရှိသည်ဟု စက်ရုံက သတင်းထုတ်ပြန်ထားသည်။
လက်ရှိ သပိတ်မှောက်ဆန္ဒပြမှုတွင် ပါဝင်ခြင်းမရှိသည့် စက်ရုံအလုပ်သမား ၁ဝဝဝ ဝန်းကျင်ခန့်မှာ စက်ရုံအနောက်ဘက် အုတ်တံတိုင်းကို အပေါက်ဖောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်နေရလျက်ရှိသည်ဟုလည်း ဖုယွင်စက်ရုံတာဝန်ရှိသူများက ပြောသည်။
ယခင်သတင်းဖတ်ရှုရန် >>> FU YUEN အထည်ချုပ်လုပ်သား ၂၀၀ ခန့် လုပ်ငန်းခွင်ရပ် ဆန္ဒထုတ်ဖော်
Source: myanmar times