ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် သုံးပတ်ခန့် တည် ငြိမ်နေရာက ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် မြင့်တက်လာသည်။
ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များတွင် ဧပြီလဆန်း ကစ၍ အောက်တိန်း- 92 တစ် လီတာလျှင် ၇၉၅ ကျပ်၊ အောက် တိန်း- 95 တစ်လီတာလျှင် ၈၄၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၈၂၅ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ် လီတာလျှင် ၈၄၀ ကျပ်ဖြင့် ရောင်းချခဲ့ရာ ဧပြီ ၂၃ ရက်၌ အဆိုပါ စက်သုံးဆီဈေးနှုန်းများ တစ်လီတာလျှင် ၁၀ ကျပ် (တစ်ဂါလန် လျှင် ကျပ် ၅၀ ခန့်)စီ မြင့်တက်ခဲ့ကြောင်း သိရပါသည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းသည် ယခုလလယ်ပိုင်းကစ၍ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်ကို လာရောက်ရိုက်ခတ်ခြင်းဖြစ်ကြောင်း စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုခဲ့သည်။
စက်သုံးဆီဆိုင်တွေက ကမ္ဘာ့ဈေးတက်တဲ့ကာလ တစ်ပတ်၊ ၁၀ ရက်လောက်အထိ ဈေးမတက်ဘဲ ထိန်းရောင်းခဲ့ကြသော်လည်း ဆက်ထိန်းထားရန် မဖြစ်နိုင်တော့သောကြောင့် ဈေးတင်လာကြခြင်း ဖြစ်သည်ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောခဲ့ပါသည်။
ကမ္ဘာ့ရေနံစိမ်း ဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည်လျှင် ၇၃ ဒေါ်လာခန့် ရှိလာပြီး ဧပြီ လဆန်းထက် လေးဒေါ်လာခန့် မြင့်တက်လာခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု ကြေညာထားပြီး ဝန်ထမ်းလစာတိုးမြှင့်ပါက ကုန်ဈေးနှုန်းလည်း လိုက်ပါကြီးမြင့်လေ့ရှိသဖြင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာခြင်းသည် အစိုးရကို အကျပ်အတည်းဖြစ်လာစေနိုင်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်ခဲ့ပါသည်။
စက်သုံးဆီ ဈေးတက်လျှင် အောက်တိန်းထက် ဒီဇယ်ဈေးတက်တာက ပိုပြီးစိုးရိမ်ရပြီး ဒီဇယ်ဈေးကြီးလျှင် ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် အခက်အခဲ ပိုရှိလာနိုင်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့လည်း ခက်ခဲသွားနိုင်သည်ဟု ၎င်းက ပြောခဲ့ပါသည်။
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် အမေရိကန်နှင့် ဆီးရီးယားနိုင်ငံရေးအခြေအနေ တင်းမာမှုများကြောင့် မြင့်တက်မှုများ ဖြစ်ပေါ်နေကာ ဆက်လက်၍လည်း ဈေးတက်နိုင်သည့် အလားအလာတွေ့ရကြောင်း စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုခဲ့ပါသည်။
7 day daily