ပြည်တွင်း၌ အောက်တိုဘာ ၁၃ ရက်အထိ အမေရိကန်ဒေါ်လာငွေလဲနှုန်းနှင့်ရွှေဈေးမှာ အကျဘက်သို့ဦးတည်နေပြီး စက်သုံးဆီဈေးနှုန်းများမှာ အမြင့်ဈေး၌ပင် ဆက်လက်ရှိနေကာ ဈေးနှုန်းကျဆင်းမှု မရှိသေးကြောင်း သိရသည်။
နိုင်ငံခြားငွေဈေးကွက်တွင် ရွှေနှင့်ဒေါ်လာ ဈေးကစားသူများကို စက်တင်ဘာ ၂၄ ရက်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁,၆၃၅ ကျပ်ထိ မြင့်တက်ခဲ့သည့် အမေရိကန် တစ်ဒေါ်လာငွေလဲနှုန်းမှာ အောက်တိုဘာ ၃ ရက်၌ ၁,၅၁၅ ကျပ်အထိ တဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့သည်။
ပြန်ကျဆင်း
ယင်းနောက် အောက်တိုဘာ ပထမပတ်အတွင်းမှစတင်ကာ တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့ပြီး အောက်တိုဘာ ၁၁ရက် တွင်တစ်ဒေါ်လာလျှင်ကျပ် ၁,၆၀ဝ ဝန်းကျင်ထိ ပြန်လည်ရောက်ရှိလာကာ အောက်တိုဘာ ၁၃ ရက်တွင် ၁,၅၈၂ကျပ်သို့ ပြန်လည်ကျဆင်း လာခဲ့သည်။ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,ဝ၁၈,၅၀ဝ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၁,ဝ၁၂,၅၀ဝ သို့ ပြန်လည်ကျဆင်းခဲ့သည်။
အရောင်းအဝယ်ဖြစ်
အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၂၇,ဝဝ၀ ထိရောက်ရှိခဲ့ပြီး ညနေပိုင်းတွင်ကျပ် ၁,၀၁၇,ဝဝ၀ ဖြင့် ဈေးပိတ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်ရွှေဈေးကွက် အတွင်း ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၅၂,၉၀ဝ ဝန်းကျင်နှင့် မန္တလေးရွှေဈေး ကွက်တွင် ကျပ် ၉၅၂,၉၀ဝ ဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်ပေါ်ခဲ့သည်။
ယင်းဈေးနှုန်းများမှာ ဆိုင်များက ခန့်မှန်းဈေးဖွင့်ရောင်းချနေကြခြင်းသာဖြစ်ပြီး အခြေအနေအရပ်ရပ်ကြောင့် လက်ရှိအချိန်ထိရန်ကုန် ရွှေလက်ကားဈေးကွက်အတွင်း အရောင်းအဝယ်မရှိသလောက် နည်းပါးနေသေးကြောင်း ရွှေလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ဈေးမြင့်တက်
သို့ဖြစ်ရာ ကန်ဒေါ်လာဈေးနှုန်းနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း လိုက်ပါကျဆင်း ခဲ့ခြင်းဖြစ်သည်။ သို့သော်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ အောက်တိုဘာ ၁၃ ရက်တွင် ပရီမီ ယမ်ဒီဇယ် တစ်လီတာလျှင် ၁,၁၀၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၀၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁,၁၁၅ ကျပ်နှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၁,ဝ၉၅ ကျပ်အထိ ဈေးမြင့်တက်နေသည်။
ယင်းဈေးနှုန်းများအရ တစ်ပတ်အတွင်း တစ်လီတာလျှင် ၁၀ ကျပ်နှုန်းဝန်းကျင်ခန့်စီ ဈေးမြင့်တက်ခဲ့ပြီး တစ်လအတွင်းဆိုရသော် တစ်လီတာလျှင် ၈၅ ကျပ်နှုန်းစီခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။