အမေရိကန်ဒေါ်လာဈေးကစားမှုကြောင့် ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ယခင်ထက် ပိုမိုမြင့်တက်လာကြောင်း မန္တလေးတိုင်း စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှသိရသည်။
သုံးသပ်ချက်
*******
အသင်း ဥက္ကဋ္ဌ ဦးသက်ဝေက “အခုမိုးရာသီ ပြည်တွင်းဈေးကွက်အေးနေတာတောင် ဒေါ်လာဈေး ပေါ်မူတည်ပြီး ဆီဈေးက တက်နေတာ။ ဒါတောင် ကျနော်တို့သွင်းဈေးအတိုင်း တလီတာကို ၄၀၊ ၅၀ လောက် တခါတည်း တန်းမတက်ဘဲ ဖြည်းဖြည်းချင်းတက်နေရတာ။” ဟု ပြောသည်။
အခုလို ဆီအသုံး နည်းတဲ့ရာသီမှာ တချို့ကုမ္ပဏီကြီးတွေက ပိုက်ဆံပေါလို့ အရှုံးခံပြီး မှေးရောင်းနိုင်ပေ မယ့် အဝယ် များတဲ့ ပွင့်လင်းရာသီလိုမျိုးမှာ ဈေးကြီးနဲ့ သွင်းလာရင် ဝယ်သူကို ဈေးကြီးနဲ့ပဲ ပြန်ရောင်းရမှာပဲလေ။ မဟုတ်ရင် အားလုံး လုံးပါးပါးကုန်ကြမှာ” ဟု ၎င်းက သုံးသပ်သည်။
ဈေးတက်
*******
စက်သုံးဆီအရောင်းဆိုင်ရာများတွင် လက်ရှိ ရောင်းချနေသည့် စက်သုံးဆီ ဈေးနှုန်းသည် ကန်ဒေါ်လာ ဈေးမတက်ခင် သြဂုတ်လဆန်းပိုင်းက ရောင်းချခဲ့သည့် ဈေးနှုန်းထက် တလီတာလျှင် ၈၀ ကျပ်မှ ၁၀၀ ကျပ် ပတ်ဝန်းကျင်အထိ ဈေးတက်လာခြင်း ဖြစ်သည်။
BOC စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးဝင်းဆွေက “ဒေါ်လာကို တကယ်လိုအပ်ချက်ရှိလို့ အလုပ်လုပ် နေတဲ့သူတွေထက် ပြင်ပကနေ ဒေါ်လာငွေဈေးကစားတာကြောင့် ဆီဈေးအပေါ် အများကြီး သက်ရောက် မှုရှိတယ်။ ဒီအခြေအနေကို အစိုးရက ကြားဝင် ထိန်းကျောင်းသင့်တယ်။ ကြာလာရင် ကျနော်တို့ ရေရှည် တောင့်မခံနိုင်တော့ဘဲ ပြေးရလိမ့်မယ်” ဟု သုံးသပ်သည်။
စက်သုံးဆီလုပ်ငန်းရှင်များ၏ အဆိုအရ ဒေါ်လာဈေးအပြောင်းအလဲကြောင့် စက်သုံးဆီဈေးသည် သွင်းဈေး နှင့် ပြန်ရောင်းသည့်ဈေး ကွာဟမှု ကြောင့် များများရောင်းလျှင် များများရှုံးနေသည့် အနေအထားသို့ ရောက်နေသဖြင့် ထိန်းညှိ ရောင်းချ နေရပြီး ပွင့်လင်းရာသီတွင် ခရီးအသွားအလာများခြင်း၊ ကျောက်မျက် ရတနာတူးဖော်ရေးနယ်မြေများတွင် စက်သုံးဆီ အသုံးပြုမှုနှုန်းမြင့်လာခြင်းတို့ကြောင့် ဒေါ်လာဈေးမ တည်ငြိမ်ပါက ဆီဈေးထပ်တက်နိုင်မည့် အလားအလာသာပိုများကြောင်း သိရသည်။
တစ်ပတ်အတွင်းရောင်းချမည့်ဈေးနှုန်း
*******
မန္တလေးတွင် စက်တင်ဘာ ၁၄ ရက်က နောက်ဆုံးသတ်မှတ်ထားသော လက်လီဈေးနှုန်းများအရ ဒီဇယ် တလီတာလျှင် ၁၀၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ကို ၁၀၉၅ ကျပ်၊ အောက်တိန်း 92 ကို ၁၀၈၀ ကျပ်၊ အောက်တိန်း 95 ကို ၁၁၃၀ ကျပ် သတ်မှတ်ခဲ့ပြီး သတ်မှတ်သည့်နေ့မှ တပတ်အတွင်းရောင်းချရမည့်ဈေးနှုန်းများဖြစ်ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ စက်တင်ဘာ ၁၇ ရက်နေ့ စက်သုံးဆီ သတ်မှတ် ဈေးနှုန်းများမှာ ဒီဇယ် တလီတာလျှင် ၁၀၂၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် မှာ ၁၀၃၅ ကျပ်၊ အောက်တိန်း 92 မှာ ၉၉၅ ကျပ်နှင့် အောက်တိန်း 95 မှာ ၁၀၄၅ ကျပ် တို့ဖြစ်ကြောင်း သိရသည်။
ခန့်မှန်း
*******
လာမည့်အမေရိကန်ကြားဖြတ် ရွေးကောက်ပွဲမတိုင်ခင် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် အမေရိကန်မှ အရန် စက်သုံးဆီ ၁၁ သန်းထုတ်ရောင်းရန် အစီအစဉ်ရှိ၍ ၎င်းကာလတွင် ကမ္ဘာ့ရေနံဈေး၊ ဒေါ်လာဈေး အခြေအနေပေါ်မူတည်၍ ပြည်တွင်းစက်သုံးဆီဈေး အပြောင်းအလဲထပ်ဖြစ်နိုင်သည်ဟု ပြည်တွင်းစက်သုံးဆီ လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။
ဗဟိုဘဏ်၏ ယမန်နေ့နိုင်ငံခြားငွေလဲလှယ်နှုန်းပေါက်ဈေးမှာ တဒေါ်လာလျှင် ၁၅၄၀ ကျပ် ဖြစ်ပြီး ပြည်တွင်း ပုဂ္ဂလိကဘဏ်တချို့၏ သတ်မှတ်နှုန်းမှာ တဒေါ်လာလျှင် ၁၅၆၀ ကျပ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။
Source: irrawaddy