G to G စနစ်ဖြင့် ပဲတင်ပို့နိုင်ရေး အိန္ဒိယအစိုးရနှင့် သွားရောက်ဆွေးနွေး


18 February, 2019

အိန္ဒိယနိုင်ငံသို့ G to G စနစ်ဖြင့် ပဲတင်ပို့နိုင်ရေးအတွက် မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့မှ အိန္ဒိယအစိုးရနှင့် သွားရောက်ဆွေးနွေးမည်ဖြစ်ပါတယ်။ အဆိုပါ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဦးဆောင်မည်ဖြစ်ပြီး မတ်လတွင် ကျင်းပပြုလုပ်မည့် အိန္ဒိယကုန်စည်ပြပွဲအမီ သွားရောက်ကာ  ဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

“ ပဲ၊ နှမ်းကုန်သည်များအသင်းနဲ့ ညှိနှိုင်းထားတာကတော့ အစိုးရဘက်ကလည်း လိုက်ပါဆောင်ရွက်မယ်။ သူတို့ဘက်ကလည်း ကုန်ကျစရိတ် ရှယ်ယာပါပြီးတော့ လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ် ” ဟု ဦးအောင်ထူးက ပြောပါတယ်။ အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပပြုလုပ်ခဲ့သည့် (၅)ကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည့် အိန္ဒိယနိုင်ငံသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 ထို့နောက် MOU ရေးထိုးနိုင်ရန်အတွက် စာချုပ်မူကြမ်းကို အိန္ဒိယသံရုံးမှတဆင့် အိန္ဒိယအစိုးရထံ ပေးပို့ထားသော်လည်း (၂) လနီးပါး ကြာမြင့်သည်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးသည့်အတွက် တွေ့ဆုံညှိနှိုင်းရန် ပြင်ဆင်နေပါတယ်။  မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းကိုဦးက  “ ကျွန်တော်တို့ဘက်က ရောင်းချနိုင်တဲ့ ဈေးကွက်၊ အရေအတွက်၊ အဓိကကတော့ ဈေးနှုန်းပေါ့နော်။ ဈေးနှုန်းမှာကျတော့ အိန္ဒိယဘက်က MOU ထိုးတဲ့အချိန်မျိုးမှာ စိုက်ပျိုးထုတ်လုပ်တဲ့စရိတ်ကို ဘယ်လိုပုံစံဆိုတဲ့ အကျိုးအမြတ် ဆန်ဆန်လေးတွေ ပါတဲ့အခါကျတော့ အဲ့ဒါလေးတွေကို အစ်ကိုတို့ဘက်က ဘယ်လိုအကောင်းဆုံးဖြစ်အောင် ပြင်ဆင်မလဲပေါ့နော်။ ဒါတွေကို အဓိက ပြင်ဆင်သွားမယ် ” ဟု ပြောပါတယ်။

ထို့အပြင် ယခုနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ MOU ရေးထိုးနိုင်မည်ဟု ခန့်မှန်းထားပါတယ်။ လက်ရှိ ပြည်တွင်းမှ ပဲမျိုးစုံတင်ပို့မှုမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိကို ပဲမျိုးစုံတန်ချိန် (၁၁) သိန်းနီးပါးအထိ တင်ပို့ရောင်းချထားလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ်။

BETVDailyNews

Export, Import Read 494 times