စက်ယန္တရားများ လိုအပ်ချက် ရှိနေတဲ့ ပဲခူးမြို့ရှိ ထိုင်းနိုင်ငံထုတ် အမှိုက်ခွဲခြားသန့်စင်စက်


11 April, 2019

ပဲခူးမြို့တွင် ပထမဦးဆုံး တည်ဆောက်ထားသည့် ထိုင်းနိုင်ငံထုတ် အမှိုက်ခွဲခြား သန့်စင်စက်မှာ စက်ယန္တရားများ လိုအပ်ချက် ရှိနေခြင်းကြောင့် လုပ်ငန်းရာခိုင်နှုန်း ၃၀ သာ လည်ပတ်နိုင်သေးကြောင်း ပဲခူးမြို့မှ ထွက်ရှိသည့် အမှိုက်များ လျော့နည်းစေရန် ရည်ရွယ်၍ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင်လည်ပတ်နေသော အမှိုက်ခွဲခြား သန့်စင်စက်မှာ ဘတ်ဟိုး၊ ဘူဒိုဇာ၊ ထွန်စက် စသည့် စက်ယန္တရား လိုအပ်ချက်များ ရှိနေသေးကြောင်း သိရပါတယ်။

ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်က အခု ဌာနကရှိနေတဲ့ စက်အသေးနဲ့ပဲ လုပ်ဆောင်နေရတဲ့အတွက် ရည်မှန်းထားသလောက် မရဘူးဖြစ်နေတယ်။ အမှိုက်တွေကို ခွဲခြားစုပုံဖို့အတွက် စက်ယန္တရားကြီးတွေ လိုအပ်နေတယ်။ အမှိုက်ခွဲသန့်စင်စက်က တစ်နေ့တန် ၂၀ ကျစက်ပါ။ အမှိုက်ချေဖျက်စက် မဟုတ်ပါဘူး၊ ခွဲခြားသန့်စင်စက်ပါ။ ခွဲခြားလိုက်ရတဲ့ ပစ္စည်းတွေကိုလည်း ဈေးကွက်ဝင်အောင် မဆောင်ရွက်နိုင်သေးတဲ့အတွက် အလုပ်သမားခ ရရုံအဆင့်ပဲရှိသေးတယ်။ အမှိုက်တွေကို လောင်ကျွမ်းတဲ့နည်းနဲ့တော့ မချေဖျက်ချင်ဘူး။ စက်ယန္တရားနည်းနဲ့ အမှိုက်ပုံလျော့ကျစေဖို့ပါလို့ ပြောပါတယ်။

ပဲခူးမြို့တွင် အမှိုက်မှာ တစ်ရက်လျှင် တန် ၆၀ မှ ၈၀ အထိ ထွက်ရှိပြီး အဆိုပါအမှိုက်များအား မဇင်းတိုးချဲ့ရပ်ကွက်၊ ဆင်ဖြူကွင်း သုသာန်၊ အရန်မြေနေရာ၌ စွန့်ပစ်နေရခြင်းကြောင့် အမှိုက်ပုံက ထွက်ရှိသော အနံ့အသက်များကို မခံနိုင်သည့်အတွက် အနီးဝန်းကျင်မှ ဒေသခံများကလည်း တိုင်ကြားမှုများရှိနေပါတယ်။

"စည်ပင်က အမှိုက်လာပုံတုန်းက ခဏလို့ ယာယီပြောတယ်။ ဘုန်းကြီးတို့က အနံ့အသက်ကြောင့် နေလို့မရဘူးပြောတော့ လုပ်ပေးမယ်ဆိုပြီး အခုချိန်အထိမလုပ်ပေးဘူး။ အဆိုးဆုံးက မိလ္လာကား လာသွန်တယ်။ ဒီနားပတ်ဝန်းကျင်ကသူတွေ အနံ့အသက်မခံနိုင်ကြတော့ဘူး။ အမှိုက်ပုံပြဿနာကို စည်ပင်သာယာအဖွဲ့အနေနဲ့ အမြန်ဖြေရှင်းပေးသင့်တယ်" လို့ ပဲခူးမြို့ ရတနာသုခကျောင်းမှ ဆရာတော် ဦးမန္ဒလက မိန့်ကြားပါတယ်။

တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထိုင်းနိုင်ငံထုတ် တန် ( ၂၀ ) ထွက် အမှိုက်ခွဲခြား သန့်စင်စက်အတွက် ကျပ်ပေါင်း  ( ၂၂၅၈ ) သိန်းကျော် မတည်ရင်းနှီးကာ ပဲခူးမြို့နယ် တောင်သူစုကျေးရွာ၌ ဧက ၅၀ မြေနေရာတွင် မြို့သန့်ရှင်းလှပစေရန်၊ အမှိုက်များမှထွက်တဲ့ ကုန်ကြမ်းများရရှိစေရန် အဆိုပါ အမှိုက်ခွဲခြားသန့်စင်စက်ကို ရည်ရွယ်၍ တည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။

The Myanmar Times

Local News Read 634 times