ချုပ်ထည် တင်ပို့မှု ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူထက် နှစ်ဆခန့်တက်လာ


26 March, 2019

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ငါးလကျော်အတွင်း ပြည်ပချုပ်ထည်တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၉၀၀ ကျော်ပိုများလာပါတယ်။ ဒီပမာဏဟာဆိုရင်ဖြင့် အရင်နှစ်ထက် နှစ်ဆခန့်တက်လာတာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေရဲ့ အခွန်သက်သာခွင့်ကြောင့် ပို့ကုန်ပမာဏ တိုးတက်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှ အထည်ချုပ်ပို့ကုန် ပမာဏဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နှိုင်းယှဉ်ပါက လျော့နည်းပါတယ်။

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်သားငါးသိန်းကျော်မှာ အီးယူကိုတင်ပို့မယ့် အထည်များချုပ်လုပ်တဲ့ လုပ်သားအင်အား  ၇၀ ရာခိုင်နှုန်းကျော်ပါဝင်ပါတယ်။ အီးယူထံမှ GSP အခွင့်အရေးရပြီးနောက် နှစ်စဉ် မြန်မာနိုင်ငံရဲ့ အထည်ချုပ်ကဏ္ဍမှာ ၃၀ ရာခိုင်နှုန်းခန့် ပုံမှန်တိုးတက်ခဲ့ပါတယ်။

အခုဘဏ္ဍာနှစ် ငါးလကျော်မှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်ဒေါ်လာ ခုနစ်ဘီလီယံကျော်အနက် အထည်ချုပ်ပို့ကုန်ပမာဏက ၃၀ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ပို့ကုန်ပမာဏ မြှင့်တင်မှုမှာ အထည်ချုပ်ပို့ကုန်က အဓိကဦးဆောင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေပမာဏဟာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ တစ်ဘီလီယံကျော် လျော့နည်းပါတယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ငါးလကျော်မှာ ကုန်သွယ်မှုလိုငွေ ၁ ဒသမ ၈ ဘီလီယံခန့်ရှိနေပြီး အခု ဘဏ္ဍာနှစ်ကာလတူမှာတော့ ဒေါ်လာသန်း ၆၇၀ ကျော်သာရှိပါတယ်။

7day daily

Export, Import Global News Read 576 times