လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံတစ်ရုံ ပိတ်သိမ်း


04 July, 2018

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်က အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Seduno အထည်ချုပ် စက်ရုံကို ဇူလိုင်လ ၁ ရက်နေ့ကစတင် ပိတ်သိမ်းလိုက်ပါတယ်။

ကုမ္ပဏီဟာ ကုန်ထုတ်လုပ်မှု အထွက်နည်းတာ၊ အချိန်မီ ကုန်ပစ္စည်းတင်ပို့မှု မလုပ်နိုင်တာ၊ စက်ရုံငှားရမ်းခ ကြီးမားလာတာနဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြင့်လာတာတွေကြောင့် စက်ရုံကိုဆက်ပြီး ရပ်တည်ဖို့ ခက်ခဲလာတဲ့ အတွက်

ပိတ်သိမ်းလိုက်ရတာဖြစ်တယ်လို့ အဲဒီကုမ္ပဏီရဲ့ ငွေစာရင်းဌာနက မချိုချိုဝင်းက ပြောကြားခဲ့ပါတယ်။

"အလုပ်ရှင်ကလည်း ရှုံးတယ်၊ ထုတ်လုပ်မှုတွေကလည်း အချိန်မှန် မပြီးဘူး၊ အဲ့လိုဆိုတော့ အလုပ်ရှင်ကလည်း တစ်လတစ်လမှာ သူ့မှာ အရှုံးတွေပေါ်တယ်၊ ပြီးတော့လည်း ဝန်ထမ်းတွေကလည်း ဆန္ဒပြတဲ့ ဝန်ထမ်းတွေ ကလည်းရှိတယ်ဆိုတော့

သူတို့အတွက် အဆင်မပြေနိုင်ဘူးပေါ့၊ အလုပ်ရှင်ကလည်း သူ့ဘက်ကတောင့်ပြီး မခံနိုင်တော့ဘူးပေါ့၊ အဲ့ဒါကြောင့်မို့ သူပိတ်လိုက်တယ်"

အဲဒီစက်ရုံဟာ တရုတ်နိုင်ငံက လုပ်ငန်းရှင်တစ်ဦးပိုင်တာဖြစ်ပြီး စက်ရုံပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေ ကို လုပ်ခလစာနဲ့ ဥပဒေပါ နစ်နာကြေးတွေကို မနေ့ကစပြီး ထုတ်ပေးသွားမှာဖြစ်ကြောင်း စက်ရုံဘက်က အသိပေး ကြေညာထားပါတယ်။

ThitHtooLwin

Local News Read 854 times