ပြည်တွင်းသုံးစွဲမှု ဦးစားပေးဖို့ လိုလာသည့် သဘာဝဓာတ်ငွေ့


13 October, 2018

အနာဂတ်ကာလတွင် ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးစွဲရေးအတွက် အစိုးရက ဦးစားပေးလုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယံဇာတထွက်ရှိမှုများကို ပြည်တွင်းသုံးစွဲရေး ရေရှည်လိုအပ်ချက်ကို မျှော်မကြည့်ခဲ့ဘဲ တရုတ်နှင့်ထိုင်းသို့ နှစ်ရှည်စာချုပ်များဖြင့် စစ်အစိုးရလက်ထက်က ရောင်းချခဲ့ကြသည်။

ဓာတ်ငွေ့တင်ပို့မှု

ဓာတ်ငွေ့အများဆုံး ထုတ်လျက်ရှိသော ရတနာလုပ်ကွက်သည် ၁၉၉၈ ခုနှစ်မှစတင်၍ ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပြီး ရဲတံခွန်လုပ်ကွက်သည် ၂ဝဝဝ ပြည့်နှစ်တွင် ထိုင်းသို့ တင်ပို့ခဲ့သည်။ ရွှေလုပ်ကွက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ ၂ဝ၁၃ ခုနှစ်မှ စ၍တင်ပို့ခဲ့ပြီး ဇောတိကလုပ်ကွက်သည်လည်း ထိုင်းနိုင်ငံသို့ တင်ပို့နေပြီဖြစ်သည်။

ပြည်တွင်းသုံးစွဲမှု

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း လက်ရှိသုံးစွဲနေသော ဓာတ်ငွေ့များကို အဆိုပါပြည်ပတင်ပို့နေမှုများထဲမှ ခွဲတမ်းဖြင့် ရယူသုံးစွဲနေခြင်းလည်း ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့မှ ပြည်တွင်းသုံးစွဲမှုအတွက် ၂၅ ရာခိုင်နှုန်းဝန်းကျင် သုံးစွဲလျက်ရှိသည်။

ပြည်တွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်များစွာရှိနေသဖြင့် သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းမပြုသင့်ဟု ဝေဖန်ပြောဆိုမှုများရှိခဲ့ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှစတင်၍ နောက်ပိုင်းစာချုပ်များတွင် ပြည်တွင်းစွမ်းအင်လိုအပ်ချက် ဦးစားပေးရမည်ဆိုသောမူကို ချမှတ်ခဲ့သည်။

ယခု NLD အစိုးရ လက်ထက်တွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ရှိနေရာ တစ်နိုင်ငံလုံး လျှပ်စစ်ဖူလုံစွာ ဖြည့်ဆည်းရေးအတွက် ကုန်းတွင်း၊ ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များဖော်ထုတ်ရန် ဆောင်ရွက်နေပြီး ၂ဝ၂၃ တွင် ဓာတ်ငွေ့များထွက်ရှိလာမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုခဲ့ရာ ပြည်တွင်းလိုအပ်ချက်ကို ဦးစားပေးမည့်လမ်းကြောင်းကို လျှောက်လှမ်းမည်ဟု မျှော်လင့်ရသည်။

မကြာမီက A6 လုပ်ကွက် ရွှေရည်ထွန်း(၂) အကဲဖြတ်တွင်းမှ သဘာဝဓာတ်ငွေ့ စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် အလားအလာများရှိနေသည်ဟု ကြေညာခဲ့ပြီးနောက် ပြည်တွင်းသုံးစွဲမှုကို အဓိကထားသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စွမ်းအင်အသိုင်းအဝိုင်းက ပြောကြားသည်။

''ပြည်တွင်းသုံးစွဲမှုကိုတော့ အဓိကထားသင့်ပါတယ်။ အစိုးရက ပြောလည်းပြောနေပါတယ်။ ဓာတ်ငွေ့က အကုန်ရရင်တောင် မြန်မာနိုင်ငံက လောက်ဦးမှာမဟုတ်ဘူး။ အကုန်ယူသင့်တယ်။ ဒါမှလည်း စီးပွားရေးက တိုးတက်မှာ''ဟု Smart Group ဥက္ကဌ၊ ဦးကျော်ကျော်လှိုင်က ဆိုသည်။

ကုန်ကျငွေ

သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းတစ်ခုအတွက် ကုန်ကျငွေမှာ ဒေါ်လာဘီလျံချီရှိနေရာ ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ရန် ခက်ခဲသည့်အခြေအနေ ဖြစ်သည်။

''နောင်လာမယ့်ဟာမှမဟုတ်ဘူး။ အခုနိုင်ငံခြား ရောင်းနေတာတောင်ရပ်ပြီး ပြည်တွင်းပေးလိုက်လို့ရတယ်။ ရပ်ဖို့အတွက် စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေကိုတော့ ညှိနှိုင်းရမှာပေါ့။ မိမိတိုင်းပြည်ကပိုင်တဲ့ သယံဇာတကို အကုန်သုံးလို့ရတယ်။ ဒါပေမဲ့ ဘယ်ပိုက်ဆံနဲ့ သွားဝယ်မှာလဲ''ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က ပြောသည်။

ဝင်ငွေရရှိခဲ့

ရေနံနှင့် ဓာတ်ငွေ့ဈေးကောင်းစဉ်နှင့် ထုတ်လုပ်မှုများစဉ်က ဓာတ်ငွေ့ပြည်ပတင်ပို့မှုမှ ဝင်ငွေများစွာ ရှာနိုင်ခဲ့ပြီး တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၂,ဝဝဝ ခန့် ရှာဖွေပေးနိုင်ခဲ့သည်။ ယခုအခါ ထုတ်လုပ်မှုနှင့် ဈေးနှုန်းများ ကျဆင်းလာချိန်တွင် အကြမ်းဖျင်း တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၇ဝဝ၊ ၈ဝဝ ခန့်သာ ရှာပေးနေကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

''မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ သုံးမလားမေးတော့ ဘယ်သူမှ မသုံးကြပါဘူး။ စာချုပ်ချုပ်ရမယ်။ သုံးမယ်ပြောပြီး မသုံးရင် လျော်ရမယ်။ ဓာတ်ငွေ့ကို ဝယ်မယ်ပြောပြီး မဝယ်ရင် ကိုယ်တို့ကလည်း ကုမ္ပဏီကို ဓာတ်ငွေ့ဖိုး လျော်ရမယ်။ အပြင်ပေါက်ဈေးအတိုင်းဆိုရင် အကုန်လက်တွန့်သွားကြတယ်။ ဘယ်သူမှမယူဘူး''ဟု ဦးဇော်အောင်က ပြောသည်။

ရောင်းချ

ဓာတ်ငွေ့ဝယ်ယူရာတွင် ကုမ္ပဏီနှင့် နှစ်ရှည်စာချုပ်ချုပ်ဆို၍ နိုင်ငံတကာ ပေါက်ဈေးအတိုင်း ဝယ်ယူရသည့်အတွက် အစိုးရက ပြန်လည်ရောင်းချရာတွင်လည်း လျှော့ချပေး၍မရဘဲ နိုင်ငံတကာပေါက်ဈေးဖြင့် ရောင်းချကြရသည်။

ထို့ကြောင့် ပြည်တွင်းက အစိုးရဌာနဖြစ်စေ၊ ပုဂ္ဂလိကမှ ဖြစ်စေ ဓာတ်ငွေ့ဝယ်ယူလိုပါက ယင်းအတိုင်းသာ ကျင့်သုံးဝယ်ယူရမည်ဖြစ်သည်။ စက်မှုဇုန်နှင့် အခြားဇုန်များ လျှပ်စစ်အတွက် ဓာတ်ငွေ့လိုချင်သည့်ပမာဏကို ကြိုက်သလောက်ယူ၍ရပြီး ပမာဏတစ်ခုသတ်မှတ်ကာ နှစ်ရှည်စာချုပ်ဖြင့် ယင်းပမာဏအတိုင်း ၁၅ နှစ်၊ အနှစ် ၂ဝ တောက်လျှောက်ယူရမည်ဖြစ်သည်။ နိုင်ငံခြားရောင်းချရာတွင်လည်း ယင်းအတိုင်းဖြစ်သည်။

''နိုင်ငံတကာ တန်ဖိုးကတော့ မျှတပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ ဝယ်တာတော့ သက်သာရမှာပေါ့။ ပို့ခမပါတော့ ဈေးအတိုင်းအတာတစ်ခုတော့ လျော့သွားတာပေါ့''ဟု လှိုင်သာယာစက်မှုဇုန်၊ နာယက ဦးမြတ်သင်းအောင်က ဆိုသည်။

လက်ရှိအခြေအနေ

လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ်အရှုံးခံ စိုက်ထုတ်၍ ပြည်သူသို့ လျှပ်စစ်ပေးနေရသည့်အတွက်အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။ ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ထုတ်၍ တစ်ယူနစ်လျှင် မြန်မာငွေဖြင့် ကျပ် ၂ဝဝ ပေးဝယ်ယူ အသုံးပြုသော်လည်း မြန်မာပြည်သူနှင့် လုပ်ငန်းရှင်များမှာ လက်ရှိ မီတာခတစ်ယူနစ် ၃၅ ကျပ်ထက်ကို ပေးဝယ်ယူလိုသောဆန္ဒမရှိကြောင်း ဦးဇော်အောင်က ပြောသည်။

အစိုးရက မီတာခတက်မည်ဟု အစောပိုင်းက ပြောဆိုမှုများရှိခဲ့သော်လည်း ကန့်ကွက်သံများ ထွက်လာခဲ့ပြီးနောက် မီတာခနှုန်းတက်ရေး အစီအစဉ်မှာလည်း ဖြစ်မလာခဲ့ပေ။

''ပြည်တွင်းကို ရောင်းတယ်ဆိုလည်း သူတို့ကိုက်တဲ့ ဈေးနဲ့ရောင်းမှာပေါ့။ မြန်မာပြည်အနေနဲ့ ဓာတ်ငွေ့ပေါက်ဈေးပေးဝယ်ရမှာပဲ။ ပေါက်ဈေးပေးနိုင်ဖို့ အခုကတည်းက အစီအစဉ်တွေ ချရမှာ။ ဓာတ်အားခတွေ တိုးပါ၊ တောက်လျှောက်ပြောနေတာပဲ၊ တိုးမှမတိုးတာ။ မီတာခတက်မယ့်အကြောင်း အစိုးရက ပါးစပ်ကို မဟရဲတာ၊ ဘယ်လိုလုပ်မလဲ''ဟု ဦးကျော်ကျော်လှိုင်က ပြောသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနတွင် ယူရီယား ဓာတ်မြေသြဇာစက်ရုံများ ရှိသော်လည်း ဓာတ်ငွေ့ လုံလောက်စွာ မရရှိသည့်အတွက် စွမ်းအားပြည့် မလည်ပတ်နိုင်ရာ ယူရီယားဓာတ်မြေသြဇာကို တရုတ်နှင့် ထိုင်းမှ ပြန်သွင်းနေရသည်။ စက်ရုံရှိပြီးသားဖြစ်၍ မိမိနိုင်ငံကထွက်သော သဘာဝဓာတ်ငွေ့ကို လုံလောက်စွာပေးနိုင်ပါက နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရာလည်း ရောက်မည်ဖြစ်သည်။ ယင်းအကြောင်းအရာကို ဦးသိန်းစိန်အစိုးရလက်ထက်က တင်ပြခဲ့သော်လည်း ခွဲတမ်းရရှိမှု နည်းသည့်အတွက် ပေးနိုင်ခြင်းမရှိဟု ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဌဒေါက်တာစိုးထွန်းက ဆိုသည်။

ပြည်တွင်း၌ ဘတ်စ်ကားများ၊ အငှားယာဉ်များကို ဓာတ်ငွေ့ လုံလောက်စွာပေးနိုင်ပါက ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်း မြင့်တက်နေမှု အော်သံများ ရှိလာတော့မည်မဟုတ်ဘဲ ပေါက်ဈေးအတိုင်း အလုအယက် ဝယ်ယူကြမည်သာ ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေယိုပေါက်ကို ပိတ်ပြီးဖြစ်မည်ဟု ၎င်းက ဆိုသည်။

ပြည်တွင်း စွမ်းအင်လိုအပ်ချက်သည် တစ်နှစ်ထက် တစ်နှစ် ပိုလာနေသည့်အတွက် တာဝန်ရှိသူများက ထုတ်လုပ်သူများနှင့် ညှိနှိုင်းထားပြီး ဖြစ်လိမ့်မည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အငြိမ်းစား ညွှန်ကြားရေးမှူး ဦးသန်းထွန်းက သုံးသပ်သည်။

''အဓိကက ပိုက်ဆံရှိဖို့လိုတယ်။ ဘယ်ကမှ ဝင်ငွေမရှိရင် လုပ်လို့မရဘူး။ နောင်ထုတ်မယ့်ဟာတွေအားလုံးကတော့ မြန်မာပြည်အတွက် ယူနိုင်မယ့်အပေါက်တွေ ဖောက်သွားမယ်။ ကမ်းလွန်ဆိုရင်တော့ ဖောက်လို့မရဘူး။ ကုန်းတွင်းကတော့ လိုချင်တဲ့နေရာတွေ အပေါက်ဖောက်ပြီး ယူသွားမှာပေါ့''ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က ဆိုသည်။

ကုန်းတွင်းပိုင်း ပိုက်လိုင်းများမှ ဓာတ်ငွေ့သွယ်တန်းဖောက်ယူနိုင်မည့် အပေါက်များကို ၎င်းက ဆိုလိုခြင်း ဖြစ်သည်။

လက်ရှိ သဘာဝဓာတ်ငွေ့ထွက်နေသော A6 လုပ်ကွက်မှ စီးပွားဖြစ်ထုတ်လုပ်နိုင်ပြီဆိုလျှင် နိုင်ငံတော်က သယံဇာတ ပိုင်ဆိုင်မှုအတွက် royalty fee ရရှိမည်ဖြစ်ပြီး ထုတ်လုပ်မှုတစ်ခုလုံးအတွက် နှစ်ဖက်ခွဲဝေရရှိမည့် ရာခိုင်နှုန်းတစ်ခုလည်း ရရှိမည်ဖြစ်သည်။

ထပ်မံ၍ နိုင်ငံတော်က ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ကာရှယ်ယာရာခိုင်နှုန်းတစ်ခု ပိုင်ဆိုင်နိုင်ပြီး အထူးကုန်စည်ခွန်နှင့် အခြားအခွန်အခများလည်း ရရှိမည်ဖြစ်သည်။ ထို့ပြင် ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ ၂၅ ရာခိုင်နှုန်းကို နိုင်ငံတကာပေါက်ဈေးထက်လျော့၍ ရပိုင်ခွင့်ရှိမည်ဖြစ်ကြောင်း MPRL E & P ကုမ္ပဏီ၏ အလုပ်မှုဆောင်ဒါရိုက်တာ ဦးတင့်ဆွေက ပြောသည်။

A6 မှ သဘာဝဓာတ်ငွေ့သည် ၂ဝ၂၄ ခုနှစ်ဝန်းကျင်တွင် သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပိုက်လိုင်းသွယ်တန်းထားသည့် လမ်းတစ်လျှောက် လိုချင်သည့်နေရာတွင် ယခုကတည်းက ဖွင့်ပေးထားပြီးဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနသို့ လာရောက်ကမ်းလှမ်းတင်ပြနိုင်ကြောင်း၊ ဝယ်ယူလိုသူများ ပေါက်ဈေးအတိုင်း နှစ် ၂ဝ၊ ၃ဝ စာချုပ်ချုပ်ဆို ဝယ်ယူရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။

 

Local News Read 590 times