ဒေါ်လာသန်း ၃၀၀ တန် ဓာတ်အားပေးစက်ရုံ စတင်လည်ပတ်


16 October, 2018

မန္တလေးတိုင်းရှိ ဒေါ်လာသန်း ၃၀၀ တန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသည် အောက်တိုဘာ ၁၁ ရက်တွင် စီးပွားဖြစ် အပြည့်အဝစတင်လည်ပတ်ပြီဟု စင်ကာပူ Sembcorp ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

လည်ပတ်မည်
ယင်းစီမံကိန်းသည် မြင်းခြံ မြို့နယ်တွင် တည်ရှိပြီး မြန်မာ- တရုတ် ဓာတ်ငွေ့ပိုက်လိုင်းမှ မြန်မာအတွက်ရရှိသည့် ဓာတ်ငွေ့များဖြင့် လည်ပတ်မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်
အဆိုပါစက်ရုံသည် လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လူဦးရေ ၅ ဒသမ ၃ သန်းအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည်ဟု ကုမ္ပဏီကဆိုသည်။

‘‘ကျွန်တော်တို့အနေနဲ့ အခုစီမံကိန်းကြီးဆီကို ခိုင်မာတဲ့ ဓာတ်ငွေ့နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့အတူ နိုင်ငံတကာမှာ ရလာတဲ့ အတွေ့အကြုံတွေလည်း ယူဆောင်လာခဲ့ပြီးဖြစ်ပါတယ်’’ ဟု Sembcorp Group ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr.Neil McGregor က ပြောသည်။

တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) စနစ်
စီမံကိန်းအတွက် နှစ်ရှည် လျှပ်စစ်ဓာတ်အားဝယ်ယူမှု သဘောတူညီချက်ကို ကုမ္ပဏီနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (MOEE) တို့ကြား ၂၀၁၆ မတ်လက လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ယခုစနစ်သည် တည်ဆောက်လုပ်ကိုင်လွှဲပြောင်း (BOT) စနစ်ဖြစ်သည်ဟု ကုမ္ပဏီကဆိုသည်။

BOT စာချုပ်အရ ကုမ္ပဏီသည် စက်ရုံကို ၂၂ နှစ်ကြာလုပ် ကိုင်ခွင့်ရမည်ဖြစ်ပြီး ထို့နောက် အစိုးရသို့ လွှဲပြောင်းရမည်ဖြစ်သည်။

ဆောင်ရွက်ခြင်း
ယင်းစီမံကိန်းကို အာရှဖွံ့ ဖြိုးရေးဘဏ် (ADB)၊ အာဆီယံ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank) ၊ Clifford Capital, DBS ဘဏ်၊ DZ ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့ (IFC) နှင့် OCBC ဘဏ်တို့၏ ဘဏ္ဍာရေးထောက်ပံ့မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါစက်ရုံဆောက်လုပ် ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနနှင့် စင်ကာပူကုမ္ပဏီတို့ကြား သဘောတူညီမှုစာချုပ်ကို ၂၀၁၇ ဇန်နဝါရီတွင် လက်မှတ်ရေးထိုးခဲ့သည်။

7 day

Investment/Divestment Local News Read 6305 times