အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းအများစု GDP ညွှန်းကိန်း ၂၀၂၁ တွင် ပြန်လည် တိုးမြင့်လာနိုင်ဖွယ်ရှိ


18 June, 2020

အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းအများစုသည် ၂၀၂၀ ခုနှစ် ပထမနှစ်ဝက် အတွင်း စီးပွားရေးကျဆင်းမှုများ ဖြစ်ဖွယ်ရှိသော်လည်း GDP ညွှန်းကိန်း ၂၀၂၁ တွင် ပြန်လည် တိုးမြင့်လာနိုင်ဖွယ်ရှိသည်။

အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးကဏ္ဍများသည် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု၏ အကျိုးဆက်ကြောင့် ၂၀၂၀ ခုနှစ်၏ ပထမနှစ်ဝက်အတွင်း စီးပွားရေးကျဆင်းမှုများ ဖြစ်မည်ဟု ICAEW မှ ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။ သို့သော်လည်း အစိုးရများ၏ အခွန်အခလျှော့ပေါ့ပေးမှုများ၊ ချေးငွေအတိုးနှုန်းလျှော့ပေးခြင်းများ၊ ဖြေလျော့ပေးသော အချို့ ကိစ္စရပ်များကြောင့် ၂၀၂၁ တွင် ၈ ရာခိုင်နှုန်းအထိပြန်လည် တိုးတက်ဖွံ့ဖြိုးလာနိုင် သည်ဟုဆိုသည်။

Oxford Economics မှ ထုတ်ဝေသည့် အစီရင်ခံစာဖြစ်သော Coronavirus global outlook: After the outbreak တွင် ခန့်မှန်းထားသည်မှာ ကိုဗစ်-၁၉ ပြန့်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့အဝှန်း နိုင်ငံများ၏ စီးပွားရေးဖွံ့ ဖြိုးမှုညွှန်းကိန်းသည်၂၀၂၀ အတွင်း ၄.၇ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ပြီး ၂၀၀၈ ခုနှစ် တွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ငွေကြေးအခက်အခဲ ပြဿနာ၏ နှစ်ဆကျော်ထိခိုက်မှုရှိပြီး ကမ္ဘာ့စစ်အပြီး သမိုင်းကြောင်းတွင် အကြီးမားဆုံး သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အလားတူစွာ အရှေ့တောင်အာရှနိုင်ငံ များ၏ စီးပွားရေးကဏ္ဍအများစုသည် ၂၀၂၀ ခုနှစ်၏ ပထမနှစ်ဝက် အတွင်း ၁.၉ ရာခိုင်နှုန်းမှတ်တမ်းအထိ အများအပြား ကျဆင်းသွားနိုင်မည်ဖြစ်သည်။

အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံနှင့် မြို့များကို ရောဂါကူးစက်မှု အခြေအနေအလိုက် အသွားအလာ ကန့်သတ်ပိတ်ဆို့ခြင်းများ ပြုလုပ်လိုက်ခြင်းဖြင့် ပြည်တွင်းထုတ်ကုန်လိုအပ်မှုကို ရေရှည်လျှော့ချနိုင်သည်။ နိုင်ငံတော်တော်များများသည် ပြည်တွင်း၌လိုအပ်နေသည့် အစားအသောက်ထုတ်လုပ်မှုကို ဖြည့်ဆည်းထား နိုင်ရန် ပြည်ပသို့ တင်သွင်းခြင်းများကိုများစွာ ကန့်သတ်လိုက်ခြင်းကြောင့် ပြည်ပပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးမှုကို ရပ်တန့်လိုက် သကဲ့သို့ ဖြစ်ခဲ့သည်။ နိုင်ငံ၏ စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ၂၀ ရာခိုင်နှုန်းကို ယခု ကမ္ဘာ့ကူးစက်ရောဂါပြန့်နှံ့မှု၏ အဓိကရိုက်ခတ်ရာဖြစ်သော ခရီးသွားလုပ်ငန်းပေါ်တွင် မှီခိုနေရသော ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ စီးပွားရေး ကဏ္ဍအတွင်း အထိအနာ ဆုံးဖြစ်လာမည်ဟု ခန့်မှန်းရသည်။ တစ်ဖက်တွင်လည်း အရှေ့တောင်အာရှဒေသအတွင်းရှိ အခြားနိုင်ငံများနှင့် ယှဉ်ပါက ရောဂါကာကွယ်ရေးလုပ်ငန်းများ အရေးယူလုပ်ဆောင်မှု မြန်ဆန်ခဲ့သော ဗီယက်နမ်နိုင်ငံသည် ထိခိုက်မှုအနည်းဆုံးနိုင်ငံအဖြစ် ဖွံ့ဖြိုးလာမည်။ သို့သော်လည်း ကုန်စည်စီးဆင်းမှုများ ကျဆင်းသွားခြင်း၏ နောက်ဆက်တွဲကိုမူ ဗီယက်နမ်လည်း ခံစားရမည်ဖြစ်သည်။

အရှေ့တောင်အာရှစီးပွားရေးကဏ္ဍအပေါ် သက်ရောက်သောဆိုးကျိုးများသည် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်လိုအပ်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုများ တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာခြင်းအပြင် ခရီးသွားလုပ်ငန်းများကို မှီခိုအားထားနေရသော စီးပွားရေးကဏ္ဍများပါ ဖြည်းဖြည်း နှေးနှေး ပြန်လည်၍ နဂိုမူလအခြေအနေသို့ ရောက်ရှိလာခြင်းများကြောင့် အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဒေသတွင်း နိုင်ငံ့အစိုးရများ၏ အခွန်အခလျှော့ပေ့ါပေးမှုများ၊ ချေးငွေအတိုးနှုန်း လျှော့ပေးမှုများ၊ အချို့သော စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လျော့ပေ့ါပေးမှုများကြောင့်လည်း စီးပွားရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမှုကို အထောက်အကူပြုမည် ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းသည် တဖြည်းဖြည်းဖြင့် ပျမ်းမျှ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ဖွယ်ရှိ သည်။

ICAEW Regional Director, Greater China and South-East Asia ဖြစ်သူ Mark Billington က “ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ စီးပွားရေးကျဆင်းမှု အပြီးမှာ ဒီကပ်ဘေးဟာ ရာသီဥတုနဲ့ဆိုင်တဲ့ အရေးပေါ်ကိစ္စတွေ၊ ဇီဝမျိုးကွဲပျက်ဆီးမှုတွေနဲ့ မတရားမှုတွေတိုးမြင့်လာတာတွေ အစရှိတဲ့ ဆိုးကျိုးပေါင်းများစွာကို ပေါ်လွင်ထင်ရှား လာစေမှာဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော်တို့ လုပ်ဆောင်မယ့် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေမှာ သဘာဝ တရား၊ လူနေမှုနဲ့ စီးပွားရေးကို ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် ဖြေရှင်းနည်းတွေကို ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်၊ ဒေသတွင်းက နိုင်ငံတွေက တဖြည်းဖြည်းချင်း တိုင်းပြည်မှာ ကန့်သတ်ထားတဲ့ အချက်တွေကို လျှော့ချ လာတာပြီး စီးပွားရေးကို ပြန်လည်ဖွင့်ပေးလိုက်တာနဲ့အမျှ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေဟာ အသစ် ဖြစ်လာတဲ့ “ဓလေ့သစ်နေထိုင်မှု”ကို လိုက်လျော ညီထွေဖြစ်အောင် လုပ်ကိုင်လာရမှာဖြစ်ပါတယ်၊ ဒီလိုမှသာ ကပ်ဘေးအပြီး ကမ္ဘာဟာ ရေရှည်အကျိုးရှိတဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်မှုတွေကို ရရှိမှာဖြစ်ပါတယ်” ဟု ပြောသည်။

တရုတ်နိုင်ငံသည် ရောဂါပြန့်ပွားမှုကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် အဆိုးဆုံးအခြေအနေမှ လွန်မြောက် ခဲ့ပြီဟု ဆိုနိုင်သည်။ အစိုးရ၏ ဥပဒေရေးရာ ခိုင်မာစွာကိုင်တွယ် ဖြေရှင်းခြင်းများကြောင့် ဝယ်ယူလိုအား ပြန်လည် ကောင်းမွန်လာခြင်း၊ ကုန်ကြမ်းတင်သွင်းမှုများ အခက်အခဲကိုလျှော့ချခြင်း၊ လုပ်ငန်းကဏ္ဍအသစ်များနှင့် အခြေခံ အဆောက်အဦများအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များကိုတိုးမြှင့်ခြင်းများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ တဖြည်းဖြည်းချင်းရရှိလာမည်ဟု မျှော်မှန်းထားသည်။ လက်ရှိလုပ်ဆောင် နေသည့် အခွန်အခလျှော့ချမှုများနှင့် အတိုးနှုန်းလျှော့ချမှုများသည် အချို့သောကဏ္ဍများကို ဦးတည်ပြီး သေးငယ်သောပမာဏဖြစ်သည်ဆိုသော်ငြား စီးပွားရေးပြန်လည်ဦးမော့လာစေမည့်အချက်များဖြစ်သည်။ ၂၀၂၀ ခုနှစ်၏ စီးပွားရေးတိုးတက်မှုညွှန်းကိန်းကို ဝ.၈ ရာခိုင်နှုန်းမျှ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက်မူ ၈.၅ ရာခိုင်နှုန်းဖြစ်ကာ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ဦးမော့လာစေရန် ကူညီနိုင်မည်ဖြစ်သည်။

Mark Billington က “တရုတ်နိုင်ငံပြန်လည် ဖွင့်လှစ်ပြီး လုပ်ငန်းလည်ပတ်လာတာဟာ ဒေသတွင်း တခြား စီးပွားရေးကဏ္ဍများပါ ပြန်ပြီးဦးမော့လာနိုင်ဖို့ လက္ခဏာတွေပဲဖြစ်ပါတယ်၊ ဒါပေမယ့် ၂၀၂၀ ဒုတိယနှစ်ဝက်မှာ ပြန်ပြီး ကောင်းမွန်လာတဲ့ စီးပွားရေးဟာ ပထမနှစ်ဝက်မှာ ဆုံးရှုံးထားတာတွေကိုတော့ ကာမိမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ တကမ္ဘာလုံးရဲ့ စီးပွားရေးတိုးတက်မှုညွှန်းကိန်းကို ရောဂါပိုးမတိုင်ခင် မူလအခြေအနေအထိ ပြန်ရောက်ဖို့ဆိုရင် ၂၀၂၁ ခုနှစ် နှစ်လည်လောက်မှ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်၊ နဂိုမူလရှိခဲ့တဲ့ နှေးကွေးသွားတဲ့ လုပ်ငန်းဈေးကွက်တွေရဲ့ ဆုံးရှုံးသွားခဲ့တဲ့ စီးပွားတိုးတက်မှုတွေကို အလျင်အမြန်ကြီးထွားလာတဲ့ ဈေးကွက်တွေက ဖြည့်တင်းပေးနိုင်နေချိန်မှာ ဒေသ နိုင်ငံတစ်ခုစီကလည်း သူတို့သက်ဆိုင်ရာ စီးပွားပျက်ကပ် အခက်အခဲတွေရဲ့ အတိမ်အနက်နဲ့ ဘယ်လို နည်းလမ်းတွေကနေ ပြန်ပြီး ဦးမော့လာဖို့ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အားသာချက်တွေကို သိရှိလာမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၌ အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သော ICAEW ၏ Virtual Economic Forum တွင် အာဆီယံနိုင်ငံများ၏ စီးပွားရေးကို ကိုဗစ်-၁၉ က မည်သို့သက်ရောက်စေခဲ့သည်ဆိုသည်ကို လုပ်ငန်းနယ်ပယ် အသီးသီးမှ ဦးဆောင်သူများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရေရှည်သက်ရောက်မှုများ ကို အဓိကထားကာ ရောဂါပြန့်နှံ့မှုအပြီး ဓလေ့သစ်ကာလတွင် စီးပွားရေး လုပ်ငန်းများ မည်သို့ ချိန်ညှိလုပ်ဆောင် ကြမည်ဆို သည်များကိုပါ ဆွေးနွေးခဲ့သည်။ ယင်းစကားဝိုင်း ဆွေးနွေး ပွဲကို Business Development, V3 Group Professor of Family Entrepreneurship ၏ ဒုတိယဥက္ကဌ၊ Singapore Management University ၏ ငွေကြေး(လက်တွေ့အသုံးချ)ဘာသာရပ် ပါမောက္ခဖြစ်သူ Annie Koh က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ The British Business Group Vietnam ၏ သဘာပတိနှင့် British University Vietnam ဌာနမှူးဖြစ်သူ Christopher Jeffery ၊ Department for International Trade, British High Commission ၏ ဌာနေအုပ်ချုပ်သူ Justinian Habner ၊ Maybank Investment Bank ၏ Chief Economist ဖြစ်သူ Suhaimi bin Ilias တို့က ပါဝင်ဆွေးနွေးခဲ့သည်။

Mr Ilias ၏ စီးပွားရေးကဏ္ဍဆိုင်ရာ ရှင်းလင်းပြောကြားချက်အပြီးတွင် ပါဝင်ဆွေးနွေးသူများမှ အရှေ့တောင် အာရှဒေသ၏ စီးပွားရေးကဏ္ဍကို ကမ္ဘာ့ကပ်ဘေး ကူးစက်ရောဂါက မည်သို့ သက်ရောက်စေသည်ဆိုသည့် အချက်အပေါ် မိမိတို့အမြင်များနှင့် မည်သို့ကုစားနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။ အရှေ့တောင်အာရှ ဒေသအတွင်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာကုမ္ဗဏီများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှိနေခြင်း ကြောင့် အခြေအနေများစွာက အလေးသာနေသည်။ သို့သော် Mr Jeffery က နိုင်ငံတကာမှ ဝယ်လိုအား လျော့ကျခြင်းကြောင့် ကုန်စည်တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်း ကွင်းဆက်အပါအဝင် ကုန်ထုတ်လုပ်မှု စက်ရုံ လုပ်ငန်းများကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ Mr Habner ကလည်း ကိုဗစ်-၁၉ ကြောင့် နည်းပညာအားပြုသည့် လုပ်ငန်းများနှင့် ကုန်သွယ်မှု၊ စီးပွားရေးလုပ်ငန်းပုံစံကူးပြောင်းမှုနှင့် အခြားသော စွန့်ဦးတီထွင်ကဏ္ဍများကို ပိုမို အားထားလာနိုင်ကြသည့်အတွက် ကမ္ဘာ့ကပ်ဘေးအပြီး အခြေအနေကောင်းမွန် တိုးမြင့်လာနိုင်သည့် စီးပွားရေးအခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။

ပါမောက္ခ Annie Koh က ဆွေးနွေးပွဲကို စီးပွားရေးကဏ္ဍနှင့် လုပ်ငန်းများ ဓလေ့သစ်ကို လိုက်နာကူးပြောင်း ရန်အတွက် ယုံကြည်မှု၊ အရည်အချင်းနှင့် နည်းပညာများကို တည်ဆောက်အားဖြည့်ရန်ဆိုသည့် အဓိက မှတ်ချက် ၃ ချက်ဖြင့် ပိတ်သိမ်းခဲ့သည်။

Oxford Economics အကြောင်း
======
Oxford Economics သည် ကမ္ဘာ့ထိပ်တန်း အကြံပေးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀၊ လုပ်ငန်းကဏ္ဍပေါင်း ၁၀၀ နှင့် မြို့ပေါင်း ၃၀၀၀ အတွက် စစ်တမ်းများ ပြုလုပ်ပေးနေလျက်ရှိသည်။ ယင်းတို့၏ စစ်တမ်းများသည် လုပ်ငန်းဦးတည်ရာများနှင့် စီးပွားရေးများ၊ လူမှုရေးနှင့် လုပ်ငန်းဆိုင်ရာ သက်ရောက်မှုများ ကို ကြိုတင်ခန့်မှန်းနိုင်ရန် အထောက်အကူပေးလျက်ရှိသည်။ ရုံးချုပ်သည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့တွင် ရှိပြီး ဒေသရုံးချုပ်များကို လန်ဒန်၊ နယူးယောက်နှင့် စင်ကာပူတို့တွင် ဖွင့်လှစ်ထားရှိကာ တကမ္ဘာလုံးတွင် ရုံးခွဲပေါင်းများစွာရှိသည်။ အသေးစားစီးပွားရေးလုပ်ငန်းဆိုင်ရာပညာရှင်များရှိသည့် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ခေါင်းဆောင်မှုဆိုင်ရာ ပညာရှင်များလည်း ခန့်အပ်ထားသည်။

ICAEW - The Institute of Chartered Accountants in England and Wales အကြောင်း
======

ကမ္ဘာတဝှန်းလုံးတွင် အောင်မြင်ပြီး ရည်ရှည်တည်တံ့သော အနာဂတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်နေသည့် အရည်အသွေးပြည့်ပြီး ကျင့်ဝတ်ညီညွတ်သည့် လုပ်ငန်းကျွမ်းကျင်သူ လက်မှတ်ရစာရင်းကိုင်များ နှင့် ကျောင်းသား ပေါင်း ၁.၈ သန်း ရှိသည်။

ယင်းတို့အနက် ၁၈၁,၅၀၀ တို့သည် ICAEW ၏ လက်မှတ်ရစာရင်းကိုင်များနှင့် ကျောင်းသားပေါင်း ဖြစ်သည်။ ၎င်းတို့ တစ်ဦးချင်းကို ICAEW မှ လေ့ကျင့်ပျိုးထောင်ပေးပြီး ပြည်တွင်းနှင့် နိုင်ငံတကာစီးပွားရေးကဏ္ဍများ ကို ရှေရှည်ဖြစ်ထွန်းပြီး မျှတအားထားနိုင်သည့် စီးပွားရေးဖြစ်အောင် တည်ဆောက်နိုင်သည့် လုံလောက်သော ဗဟုသုတနှင့် အရည်အသွေးရှိစေရန် တစ်ဦးချင်းစီအား ကူညီထောက်ပံ့ပေးလျက်ရှိသည်။

ICAEW ကိုတည်ထောင်ခဲ့သည့် ၁၈၈၀ ခုနှစ်မှစ၍ စာရင်းစစ်အလုပ်အကိုင်နယ်ပယ်၏ အားပေးမှုများနှင့် ယုံကြည်ထောက်ခံမှုများကို ရရှိခဲ့သည်။ တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အစိုးရဌာနများ၊ စည်းကမ်းထိန်းသိမ်း ရေးအဖွဲ့များနှင့် စီးပွားရေး ဆိုင်ရာ ဦးဆောင်သူများကို ဗဟုသုတနှင့် ပညာရပ်များ မျှဝေကာ စာရင်းစစ်ပညာသည် စီးပွားရေးကဏ္ဍအတွက် ကောင်းသောအပြောင်းအလဲတစ်ခု ဖြစ်သည်ဟု ယုံကြည်ထားသည်။ ICAEW သည် Chartered Accountants Worldwide နှင့် the Global Accounting Alliance တို့၏ တည်ထောင်သူ အဖွဲ့ဝင်လည်းဖြစ်သည်။

Global News Industry Reviews Read 716 times