ဂျာမနီ ဓာတုဗေဒကုမ္ပဏီတစ်ခု မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမည်


29 April, 2019

ဂျာမနီနိုင်ငံအခြေစိုက် ဓာတုဗေဒထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Evonik က ၎င်းတို့ရဲ့ စီးပွာရေးလုပ်ငန်းများ မြန်မာနိုင်ငံမှာ တိုးချဲ့ဖို့ မြန်မာ့ဓာတုဗေဒ ထုတ်ကုန်လုပ်ငန်းများကို စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတယ်လို့ အရှေ့တောင်အာရှဒေသဆိုင်ရာ Evonik ကုမ္ပဏီမှ သိရပါတယ်။

Evonik ဟာ လက်ရှိ ကမ္ဘာ့နိုင်ငံပေါင်း ( ၁၀၀ ) ကျော်မှာ အလုပ်သမားပေါင်း ( ၃၆,၀၀၀ ) ကျော်နဲ့ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက ယူရို ၁၅ ဘီလီယံတန်ဖိုးရှိ ထုတ်ကုန်များကို ရောင်းချခဲ့ပြီး အမြတ်ငွေ ယူရို ၂.၆ ဘီလီယံ ရရှိခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့ Evonik ရဲ့ တောင်အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဋ္ဌ Mr. Peter Meinshausen က ပြောပါတယ်။

Mr. Peter Meinshausen က ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးအမြောက်အမြား မသုံးစွဲခင် မြန်မာနိုင်ငံမှာ ဈေးကွက်သုသေတနနဲ့ ဆန်းစစ်ချက်တွေ ပြုလုပ်နေပါတယ်။ အခုလက်ရှိမှာ အသေးစိတ်တော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် MIC ( Myanmar Investment Commission ) နဲ့တော့ တစ်ကြိမ်ဆွေးနွေးပြီးပြီလို့ ပြောပါတယ်။

Evonik ဟာ ၁၉၂၀ ခုနှစ်ကတည်းက တောင်အာရှပစိဖိတ်ဒေသရဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ထုတ်လုပ်ရေးနဲ့ ဆန်းသစ်တီထွင်မှုတွေကို တိုးချဲ့ခဲ့ပြီး ၎င်းရဲ့ တောင်အာရှပစိဖိတ်ဒေသဆိုင်ရာ ရုံးချုပ်ကိုတော့ စင်ကာပူမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Evonik က တိရစ္ဆာန်အစာများအတွက် လိုအပ်တဲ့ ဓာတုပစ္စည်းများ ၊ ချောဆီထုတ်လုပ်ရာတွင် လိုအပ်တဲ့ ဓာတုပစ္စည်းများ၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်နဲ့ အခြားဓာတုဗေဒပစ္စည်းများကို ဒေသတွင်းထုတ်ကုန်များအနေနဲ့ ထုတ်လုပ်လျှက်ရှိပါတယ်။

ဒါ့အပြင် Evonik ဟာ စင်ကာပူမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး methionine ဒြပ်ပေါင်း တည်ဆောက်ခြင်းနဲ့ ထိုင်းမှာ သကြားအစားထိုး isomalt ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။

၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း Evonik ဟာ ၎င်းရဲ့ ဝန်ဆောင်မှုများကို ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဖီလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေမှာ ရုံးခန်းတွေဖွင့်လှစ်ခဲ့ပါတယ်။

Ref: Myanmar Busines Today

Investment/Divestment Read 3438 times