မြန်မာ့ SME လုပ်ငန်းများ ဖွံ့ဖြိုးစေရန် ဂျာမနီဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ထောက်ပံ့ငွေများပေးအပ်


26 April, 2018

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရန် ဂျာမနီဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဒုတိယအဆင့် ထောက်ပံ့ငွေ ယူရို ၁၀ ဒသမ ၈၅ သန်းပေးအပ်ခြင်းအတွက် ထောက်ပံ့ငွေစာချုပ်များနှင့် ထပ်ဆင့်ချေးငွေစာချုပ်များလက်မှတ်ရေးထိုးခြင်းကို နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရပါသည်။

ထပ်ဆင့်ချေးငွေများအတွက် စည်းကမ်းချက်များမှာ လုပ်ငန်းဆောင်ရွက်မည့်ဘဏ်များသို့ ငွေးထုတ်ချေးရာတွင် တစ်နှစ်လျှင် အတိုးနှုန်း ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၂ နှစ်နှင့် ပြန်ဆပ်ကာလသုံးနှစ် စုစုပေါင်းချေးငွေသက်တမ်း ၁၅နှစ် ဖြစ်ကြောင်း သိရပါသည်။

ချေးငွေရရှိသည့်ဘဏ်များမှ စီမံအုပ်ချုပ်မှုစရီတ်နှင့် ဘဏ်စရိတ်အတွက် ၅ ရာခိုင်နှုန်းထပ်ဆောင်း၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသို့တစ်နှစ်လျှင် အနည်းဆုံးအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထပ်ဆင့်ထုတ်ချေးမည်ဖြစ်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမနီနိုင်ငံအစိုးရမှ ပထမအကြိမ်တွင် ထောက်ပံ့ငွေ ယူရို ၄ ဒသမ ၄၅ သန်းပေးအပ်ခဲ့ပြီး ယခုအခါတွင် ဒုတိယအကြိမ်ထပ်မံပေးအပ်ခြင်း ဖြစ်ပါသည်။

ယင်းသို့ပေးအပ်မှုအရ SME လုပ်ငန်းများသို့ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးနိုင်မည်ဖြစ်ပြီး SME ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါသည်။

ဂျာမနီနိုင်ငံမှ ရရှိသည့် ချေးငွေများကို လက်ခံရယူပြီး သမဝါယမဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့မှ SME လုပ်ငန်းများထံထုတ်ချေးမည် ဖြစ်သည်။

ထပ်ဆင့်ခေးငွေစာချုပ်များကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် သမဝါယမဘဏ်နှင့် ရှေ့ဆောင်ဘဏ် တာဝန်ရှိသူများက အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Daily Eleven

Banking & Loan Read 4185 times