၂၀၂၁ မှာ ဗဟိုဘဏ်များ ဒေါ်လာအစား ရွှေကို အရန်ထား
ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်တွေ ၂၀၂၁ မှာ ရွှေဝယ်ယူပြီး အရန်ရန်ပုံငွေကို ဒေါ်လာအစား ရွှေကို ထားကြတာ နှစ်ပေါင်း ၃၁ နှစ်အတွင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း ဗဟိုဘဏ်များ အရန်ရွှေ ထားရှိမှု တန်ချိန် ၄,၅၀၀ ကျော်တယ်လို့ ကမ္ဘာ့ရွှေကောင်စီ World Gold Council က ဆိုပါတယ်။ ကမ္ဘာ့ရွှေကောင်စီက ရွှေလုပ်ငန်းကဏ္ဍ နိုင်ငံတကာ သုတေသန အဖွဲ့အစည်း ဖြစ်ပါတယ်။
၂၀၂၁ စက်တင်ဘာလမှာ အရန်ရွှေ အကြမ်းအားဖြင့် တန်ချိန် ၃၆,၀၀၀ ရှိပြီး ၁၉၉၀ နောက်ပိုင်း ပမာဏ အကြီးမားဆုံး ဖြစ်ပြီး ယခင် ၁၀ နှစ်တုန်းကထက် ၁၅% ပိုများပါတယ်။
ရွှေက ဘယ်နိုင်ငံရဲ့ စီးပွားရေးနှင့်မှ တိုက်ရိုက်ချိတ်ဆက်နေခြင်း မရှိဘူး။ ကမ္ဘာ့ငွေကြေးဈေးကွက်တွေ မတည်မငြိမ်ဖြစ်တာကို ရွှေက ခံနိုင်ရည်ရှိတယ်။
ရွှေဈေးက ကျမသွားဘဲ အတက်ဘက်သို့ ရောက်သွားေလ့ရှိတယ်။
ပိုလန်ဗဟိုဘဏ် National Bank of Poland ဥက္ကဋ္ဌ Adam Glapinski က မီဒီယာတွေကို ၂၀၂၁ စက်တက်ဘာလမှာ ပြောကြားခဲ့ရာမှာ ဗဟိုဘဏ်က အရန်ရွှေ ပိုများလာအောင် လုပ်ဆောင်နေကြောင်း အသိပေးပြောကြားခဲ့တယ်။ ၂၀၁၉ မှာ National Bank of Poland က ရွှေတန်ချိန် ၁၀၀ ဝယ်ယူခဲ့တယ်။ ရွှေကို ဆက်လက်ဝယ်ယူနေဆဲ ဖြစ်ပါတယ်။
နိုင်ငံအချို့ရဲ့ ဗဟိုဘဏ်တွေ ရွှေဝယ်ယူတဲ့ တန်ချိန်တွေကို ကြည့်ရင် ၂၀၂၁ ပထမ ၉ လ အတွင်း ထိုင်းက တန် ၉၀၊ အိန္ဒိယက တန် ၇၀၊ ဘရာဇီးက တန် ၆၀ ဝယ်ယူခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရွှေဝယ်ယူဖြည့်တင်းခြင်း မပြုခဲ့တာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်သော စင်ကာပူ ဗဟိုဘဏ်က အရန်ရွှေ ထားရှိသည့် တန်ချိန်ကို ယခုနှစ်တွင် ၂၀% တိုးမြှင့်လိုက်ပါတယ်။
ရွှေဝယ်ယူခြင်းကို ယခုနှစ် ၂၀၂၁ မေလနှင့် ဇွန်လအတွင်း လုပ်ဆောင်ခဲ့ပါတယ်။ စင်ကာပူ ငွေကြေးအာဏာပိုင် Monetary Authority of Singapore (MAS)၏ International Reserves and Foreign Currency Liquidity အစီရင်ခံစာပါ အချက်အလက်များအရ စုစုပေါင်း တန်ချိန် ၂၆.၃၅ ဝယ်ယူခဲ့ပါတယ်။ ယခုအခါ အရန်ရွှေထားရှိသည့် ပမာဏသည် တန်ချိန် ၁၅၃.၇၆ ရှိပါတယ်။
၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်း ကြုံခဲ့ရပြီးတဲ့နောက်မှာ ဒေါ်လာက စိတ်မချရတာကြောင့် ဗဟိုဘဏ်တွေ နိုင်ငံခြားငွေ အရန်ရန်ပုံငွေကို ဒေါ်လာ ဖြင့် ထားရှိခြင်းအစား အရန်ရွှေ ထားရှိဖို့ ရွှေဝယ်ယူကြတာ ၂၀၀၉ ခုနှစ်ဝန်းကျင်မှာ စတင်ခဲ့ကြပါတယ်။
နိုင်ငံခြားငွေ အရန်ရန်ပုံငွေ ထားရှိတဲ့ ပမာဏ လျော့ကျလာခဲ့ပြီး အရန်ရွှေ ထားရှိတဲ့ပမာဏ ပိုများလာခဲ့ပါတယ်။
ငွေတန်ဖိုးကျတာကြောင့် ရွှေဈေး အလိုလိုတက်တယ်။ ရွှေက ဈေးခိုင်တယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ငွေတန်ဖိုးကျတာကြောင့် ရွှေဈေး ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၀% တက်ပါတယ်။