ယခုနှစ် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးဦးမယ်ဟု အာဆီယံစီအီးအို ထက်ဝက်နီးပါးရှုမြင်


27 February, 2019

ယခုနှစ် ၂၀၁၉ မှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု  နှေးကွေးကျဆင်းသွားမယ်လို့ အာဆီယံ (အရှေ့တောင်အာရှ နိုင်ငံများအသင်း) ဒေသရှိ အမှုဆောင်အရာရှိချုပ်ဦးရေ ထက်ဝက်နီးပါးလောက်က ရှုမြင်ထားကြောင်း တစ်နှစ်တစ်ကြိမ် ထုတ်ပြန်နေကျ PwC ရဲ့ ၂၂ ကြိမ်မြောက် Global CEO Survey အရ သိရပါတယ်။

PwC ရဲ့ စစ်တမ်းမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၉၁ နိုင်ငံက ကုမ္ပဏီလုပ်ငန်း စီအီးအို ၁,၃၇၈ ဦးကို သဘောထားမေးမြန်းခဲ့တာဖြစ်ပြီး ၎င်းတို့အနက် အာဆီယံဒေသက စီအီးအို ၇၈ ယောက်လည်း ပါဝင်ပါတယ်။ ၂၀၁၈ စက်တင်ဘာနဲ့ အောက်တိုဘာကြားကာလမှာ ယင်းစစ်တမ်းကို ကောက်ယူခဲ့တာဖြစ်ပြီး အာဆီယံဒေသတွင်းက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့က စီအီးအိုတွေ ယင်းစစ်တမ်းမှာ ပါဝင်ဖြေဆိုခဲ့ကြပါတယ်။

ယင်းစစ်တမ်းမှာ ပါဝင်ဖြေဆိုသူ အာဆီယံစီအီးအို ထက်ဝက်နီးပါး သို့မဟုတ် ၄၆ ရာခိုင်နှုန်းကတော့ ယခုနှစ်မှာ ကမ္ဘာ့စီးပွားရေးတိုးတက်မှု ကျဆင်းသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖြေဆိုသွားကြပါတယ်။ ဒါဟာ ယမန်နှစ် စစ်တမ်းတုန်းကထက် ၁၀ ရာခိုင်နှုန်း တက်လာတာဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအပေါ် အဆိုးမြင်မှု စံချိန်တင်မြင့်တက်လာခြင်းလည်း ဖြစ်ပါတယ်။

Source: SFJ Journal

Global News Read 358 times