၂၀၂၁ ဂျီဒီပီအရ အကြီးမားဆုံး၊ အသေးငယ်ဆုံး ၊ ကြီးထွားနှုန်းအမြန်ဆုံး စီးပွားရေးများ
တိုင်းပြည်စီးပွားရေး ထုတ်လုပ်မှု ညွှန်ပြချက် တစ်ခုဖြစ်တဲ့ ဂျီဒီပီ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP gross domestic product က နောက်ဆုံးကုန်ချောဖြစ်တဲ့ ကုန်စည်များနှင့် ဝန်ဆောင်မှုများကို သတ်မှတ်ကာလတစ်ရပ် (ဉပမာ နှစ်တစ်နှစ်ရဲ့ ပထမ ၃ လ)အတွက် တိုင်းတာထားတာမှာ အစိုးရမှ စစ်ရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ဝန်ဆောင်မှုများမှ ထွက်ရှိမှုများလည်း ပါဝင်ပါတယ်။
ယေဘုယျအားဖြင့် တိုင်းပြည်တစ်ခုရဲ့ ဂျီဒီပီ တိုးရင် စီးပွားရေးအတွင်း အလုပ်လုပ်သူများနှင့် စီးပွားရေး လုပ်ငန်းများ အကျိုးရှိတဲ့ လှုပ်ရှားလုပ်ကိုင်မှုများ ပိုကြီးမားပါတယ်။
ဂျီဒီပီလျော့ကျရင် အလုပ်လုပ်သူများနှင့် စီးပွားရေး လုပ်ငန်းများ အကျိုးရှိတဲ့ လှုပ်ရှားလုပ်ကိုင်မှုများ နည်းပါးနေပါတယ်။
၂၀၂၁ မှာ ကမ္ဘာ့စီးပွားရေး ဂျီဒီပီ အမေရိကန်ဒေါ်လာ ၉၄ ထရီလီယံမှာ နိုင်ငံစီးပွားေရးများရဲ့ ထုတ်လုပ်မှုများ စုစုပေါင်းရဲ့ ထက်ဝက်ကျော်ကို အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဂျာမနီ ၄ နိုင်ငံတို့က ထုတ်လုပ်ပေးပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီက နိုင်ငံပေါင်း ၁၇၀ တို့ရဲ့ ဂျီဒီပီ စုစုပေါင်းထက် ပိုများပါတယ်။ အမေရိကန်ဒေါ်လာ ၂၂.၉ ထရီလီယံရှိပြီး ကမ္ဘာ့ဂျီဒီပီရဲ့ ၂၄.၄% ဖြစ်ပါတယ်။
ဒုတိယနေရာမှ တရုတ်နိုင်ငံ ဂျီဒီပီက ကန်ဒေါ်လာ ၁၆.၉ ထရီလီယံ၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၁၇.၉ % ဖြစ်ပါတယ်။
ဂျပန်နိုင်ငံက တတိယနေရာမှာ ရှိနေပြီး ဂျီဒီပီက ကန်ဒေါ်လာ ၅.၁ ထရီလီယံ၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၅.၄ % ဖြစ်ပါတယ်။
စတုတ္ထနေရာမှ ဂျာမနီနိုင်ငံ ဂျီဒီပီက ကန်ဒေါ်လာ ၄.၂ ထရီလီယံ၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၅ % ဖြစ်ပါတယ်။
အခြားတစ်ဖက်အစွန်းတွင် ဂျီဒီပီအရ အသေးငယ်ဆုံး စီးပွားရေးများ ရှိနေပါတယ်။ အများစုမှ ကျွန်းနိုင်ငံငယ်လေးများ ဖြစ်ပါတယ်။
တူဗလူ Tuvalu က ကမ္ဘာပေါ်မှာ အသေးငယ်ဆုံး စီးပွားရေး ဖြစ်ပါတယ်။ ဂျီဒီပီ ကန်ဒေါ်လာ သန်း ၇၀ ပဲ ရှိပါတယ်။ ဟာဝါအီနဲ့ ဩစတေးလျတို့ ကြားမှာ တည်ရှိတဲ့ မီးတောင်ကျွန်းစု ဖြစ်ပါတယ်။ ရေပိုင်နက်ထဲ ငါးဖမ်းခွင့်လိုင်စင် ချပေးလို့ ရတဲ့ ဝင်ငွေအပေါ် တည်မီပြီး ရပ်တည်နေခဲ့တဲ့ စီးပွားရေး ဖြစ်ပါတယ်။ အင်တာနက်ခေတ်မှာ နိုင်ငံကိုယ်စားပြု ဝဘ်ဒိုမိန်း “.tv” ထံမှ ဝင်ငွေရပါတယ်။ Amazon ပိုင်ဆိုင်တဲ့ Twitch က Twitch.tv ဒိုမိန်းအမည် လိုင်စင်ယူထားပါတယ်။ ၂၀၁၁ မှ ၂၀၁၉ အထိ ဒိုမိန်းအမည်ထံမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ သန်းအထိ နှစ်စဉ်ကြေးများ နှစ်စဉ်နှစ်တိုင်း ရရှိခဲ့ပါတယ်။
စီးပွားရေးအသေးငယ်ဆုံး နိုင်ငံအများစုဟာ ခရီးသွားလုပ်ငန်းအပေါ်မှာလည်း အားထားကြပါတယ်။
နောက်ထပ်စာရင်းတစ်ခုကတော့ ၂၀၂၁ မှာ တကယ့်ဂျီဒီပီ ကြီးထွားနှုန်းအမြန်ဆုံးစီးပွားရေးများ ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံ စီးပွားရေး ဂျီဒီပီ ၁၂၃% ကြီးထွားပါတယ်။ ရေနံစိမ်း။ထုတ်လုပ်မှုကြောင့် ကြီးထွားတာ ဖြစ်ပါတယ်။ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၁.၂ သန်း ထုတ်လုပ်ပါတယ်။
အိုင်ယာလန် စီးပွားရေး တကယ့်ဂျီဒီပီ ကြီးထွားနှုန်း ၁၃% ရရှိတာ နည်းပညာ လုပ်ငန်းကြီးတွေက အခွန်သက်သာတဲ့ နယ်သာလန်မှာ ဥရောပမယအတွက် ရုံးချုပ် ထားရှိကြလို့ ဖြစ်ပါတယ်။ Facebook, TikTok, Google, Apple တို့အပြင် ကိုဗစ်ကာကွယ်ဆေး အပါအဝင် ဆေးဝါးအမျိုးမျိုး ထုတ်လုပ်တဲ့ Pfizer တို့ရဲ့ ဥရောပရုံးချုပ်တွေ နယ်သာလန်မှာ ထားရှိကြပါတယ်။
နယ်သာလန်မှာ ကော်ပိုရိတ်အခွန် ၁၂.၅% စည်းကြပ်ပါတယ်။ ကမ္ဘာ့ပျမ်းမျှနှုန်းထားရဲ့ ထက်ဝက်မျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခွန်နှုန်းထား တိုးမြှင့်မှာ ဖြစ်ပါတယ်။ နယ်သာလန်က OECD (Organisation for Economic Co-operation and Development) ကို ဝင်ရောက်တဲ့အတွက် သဘောတူပေးရတဲ့ အချက်တစ်ချက်က ကော်ပိုရိတ်ခွန်ကို အနည်းဆုံး ၁၅% ကောက်ခံရန် ဖြစ်ပါတယ်။