ရွှေပြည်သာမြို့နယ် ရွှေပြည်သာ စက်မှုဇုန် (၁) ရှိ Global Woodcraft သစ်ပါးလွှာစက်ရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်သမား ၂၃၆ ဦး အလုပ်လက်မဲ့ဖြစ်နေကြောင်းအဆိုပါစက်ရုံမှ အလုပ်သမားခေါင်းဆောင် ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။
“စက်ရုံကတော့ ပိတ်လိုက်ပြီ။ အခုက တခြားစက်ရုံတွေကလည်း လူမခေါ်ဘူးဖြစ်နေတယ်။ မိုးတွင်းလည်းဖြစ်တော့ လုံးဝအဆင်မပြေလို့ တချို့အလုပ်သမားတွေ နေရပ်ပြန်သွားကြတယ်”ဟု ၎င်းက ဆိုသည်။
ပိတ်သိမ်းရသည့်အကြောင်းအရင်း
******************
စက်ရုံပိတ်သိမ်းခြင်းသည် ကုန်ကြမ်းလုံလောက်စွာမရခြင်း၊ သစ်ဈေးမြင့်တက်ခြင်းကြောင့် စက်ရုံပိတ်သိမ်းကြောင်းကို ဇွန် ၂၁ ရက်က အသိပေးကြေညာခဲ့ပြီး ဇူလိုင်လ ၂၅ ရက်တွင် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အလုပ်သမားများ၏ အခက်အခဲများ
*******************
အလုပ်လက်မဲ့ဖြစ်နေသော စက်ရုံအလုပ်သမားများအနက် တစ်ဝက်နီးပါးသည် အသက် ၃၀ ကျော်ခန့်ရှိပြီး မှတ်ပုံတင်၊ သန်းခေါင်စာရင်း အထောက်အထား အခက်အခဲအချို့ကြောင့် အခြားစက်ရုံများတွင် အလုပ်လျှောက်ထားရာ၌ အခက်အခဲဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယင်းစက်ရုံဝင်းအတွင်း လိုင်းခန်းများနှင့်နေထိုင်သော အလုပ်သမားမိသားစု ၇၀ ခန့်ရှိကြောင်း၊ ယင်းမိသားစုများကို စက်ရုံဘက်မှ ဇူလိုင်လ ၂၆ ရက် အပြီးပြောင်းရွှေ့ပေးရန် လက်မှတ်များထိုးခိုင်းထားကြောင်း အလုပ်သမားထံမှသိရသည်။
ယင်းစက်ရုံသည် ဇူလိုင် ၂၄ ရက်က အလုပ်ထုတ်နစ်နာကြေးအပါအဝင် ငွေကျပ်သိန်း ၁၂၅၀ ကျော်ကို လုပ်သက်အလိုက် နစ်နာကြေးပေးကာ စက်ရုံပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း စက်ရုံပိုင်ရှင် ဦးမောင်မောင်ကြည်က ပြောကြားသည်။
“စက်ရုံပိတ်သိမ်းတာနဲ့ ပတ်သက်ပြီး အခုကတော့ ဘာမှမပြောချင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။
လက်ရှိ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေခြင်းပြဿနာကို အလုပ်သမားနှင့် အလုပ်အကိုင်စီစဉ်ပေးရန် တင်ပြထားခြင်းမရှိသေးကြောင်း အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
“အခုက စက်ရုံ သုံးလေးရုံ ပိတ်ကြတယ်။ အသစ်တွေလည်းဖွင့်ကြတယ်။ ဒါသဘာဝပါ။ စက်မှုလုပ်ငန်းခွင် ပြိုလဲတယ်လို့ ပြောလို့မရဘူး။ ဈေးကွက်မရလို့ အော်ဒါပိတ်သိမ်းတာလည်းရှိတယ်။ အဲဒါကို စက်မှုလုပ်ငန်းကြီး ပြိုလဲသွားတယ်လို့ ပြောလို့မရဘူး။ နောက်ပြီး အလုပ်သမားထုထည်နဲ့ အလုပ်အကိုင် စီစဉ်ပေးဖို့ တင်ပြတာ မရှိကြပါဘူး”ဟု၎င်းက ဆိုသည်။
Global Woodcraft Industrial Co., Ltd. သည် ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံသားနှင့် မြန်မာနိုင်ငံသား ဖက်စပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
The voice